ကေအိုင်အေနဲ့ မြန်မာ စစ်အစိုးရတပ်အကြား ပစ်ခတ်မှုဖြစ်
2010.12.04

ဒီအကြောင်းနဲ့ပတ်သက်လို့ ကေအိုင်အို အရာရှိ တယောက်နဲ့ အာရ်အက်ဖ်အေ သတင်းထောက် ကိုရဲထက် က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
- လွယ်ကျယ်ဘက်မှာ ပစ်ခတ်မှုဖြစ်တယ်ကြားလို့၊ ဘယ်လိုဖြစ်တာလဲ။
“ဟုတ်တယ် တပ်ရင်း (၁၆) တွေနဲ့ ကျနော်တို့ရဲ့ နယ်မြေခံတပ်ပေါ့။ လွယ်ကျယ်နဲ့ မိုင်ဂျာယန်သွားတဲ့ လမ်းဘက်မှာ ရွာတွေက တပ်ရင်း (၁၆) နယ်မြေက တချို့ရွာ။ တချို့ရွာဆိုတာက လွယ်ကျယ်နဲ့ တပ်ရင်း ၆ နယ်မြေကြားမှာ။ ရွာ ၂ ရွာ ၃ ရွာက နအဖ စစ်တပ်လည်း မထိုင်ဘူး၊ ကျနော်တို့တပ်လည်း မထိုင်ဘူး။ ဒါပေမယ့် သူတို့လည်း ရောက်တယ်။ ကျနော်တို့လည်း ရောက်တယ်။ ဒါပေမယ့် အဲဒီနေရာမှာတွေက ကျနော်တို့ စစ်သားတွေက ထိုင်နေပြီ၊ အရင်တုန်းက မထိုင်ပေမယ့် အခုထိုင်တယ်။ အဲဒီမှာကို ရွာက သူတို့ အင်ဖော်မာတွေ ဘာတွေ သတင်းပေးတာ နေမှာပေါ့။ ဒီမနက်က စစ်သား အယောက် ၂၀ လောက်က တက်လာပြီး ကျနော်တို့ ပို့စ် ရှိတဲ့နေရာကို လာပစ်တာပေါ့။ လာပစ်တယ်ဆိုတာက သူတို့ ဟိုလိုမျိုး ပစ်တာမဟုတ်ဘူး။ ပစ်ပြီး ကျနော်တို့ ပြေးသွားအောင် ခြောက်လှန့်တဲ့ သဘောမျိုး ကျနော်တို့က ပြန်ခံပစ်တာပေါ့”
- ဘယ်လောက် ကြာသွားလဲဗျ။
“အဲဒါ ဘယ်လောက်မှ မကြာပါဘူး။ သူတို့ကလည်း သေနတ် သိပ်မဖောက်ပါဘူး။ ကျနော်ထင်တာ ၂ ချက် ၃ ချက်လောက်ပဲ ကျနော်တို့ ပြန်ပစ်တယ်။ ပြန်ပစ်တော့ သူတို့ကလည်း ရှေ့မတိုးတော့ဘူး။ ကျနော်တို့လည်း လူအင်အား ပြန်တိုးတယ်။ တပ်ရင်း (၁၆) နဲ့ တပ်မဟာ (၃) က စစ်ကူတွေနဲ့”
- သူတို့က ဖြစ်တဲ့နေရာမှာပဲ နေထားကြလားဗျ။
“ဖြစ်တဲ့နေရာမှာပဲ။ သူတို့က ပြန်ပြီး စခန်းချတယ် ဆိုတာက ရှေ့မတိုး နောက်မဆုတ်နဲ့၊ ဒီအတိုင်းနေ နေတယ်ပေါ့”
- သူတို့ဘက်ကရော အင်အား ထပ်တိုးတာ ကြားလားဗျ။
“သူတို့ဘက်က အင်အား အခုလောက်ဆိုရင် တိုးမယ်ထင်တယ်”
- နယ်မြေအားဖြင့် ဘယ်နေရာကျမလဲဗျ။
“ လွယ်ကျယ်နဲ့ မိုင် ၂ မိုင် ၃ မိုင်လောက်မှာ ကျမယ်။ လွယ်ကျယ်ရဲ့ အရှေ့ဘက်လေ မိုင်ဂျာယန် သွားတဲ့လမ်းပဲလေ”
- နှစ်ဘက် ပစ်ကြတယ်ဆိုတော့ ထိခိုက်မှုတွေရော ရှိကြလားဗျ။
“”မရှိဘူး”
- ဘယ်သူက စ ပစ်တာလဲဗျ။
“ဗမာတပ်တွေက ပစ်တာ”
- နောက်ထပ်ရော ဖြစ်နိုင်မယ့် အခြေအနေရှိလား။
“တင်းမာမှုတော့ ရှိတယ်။ ကျနော်တို့ကတော့ ပစ်မိန့် အကုန်ပေးထားပြီလေ အောက်ခြေတပ်အထိ။ အထက်ကို တင်စရာ မလိုဘူး။ အခုဟာက တပ်ရင်းမှူးတွေ အဆင့်မှာကိုက အကုန်လုံး”