လောက်ကိုင်တိုက်ပွဲ ဒေသ ခံထောင်နဲ့ချီ ပိတ်မိနေဆဲ


2015.02.19
laukaing-refugees-305.jpg လောက်ကိုင်ဒေသ စစ်ပွဲတွေကြောင့် နေရပ်ပြန်လာသည့် သူများကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မန္တလေးမြို့ မှာ တွေ့ရစဉ်
Photo: Nay Thwae/RFA

တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း လောက် ကိုင်မြို့တဝိုက်မှာ အရပ်သားတစ်ထောင်ကျော်လောက် ပိတ်မိနေသေးတယ်လို့ ကွမ်လုံမြို့အခြေစိုက် ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့နဲ့အတူ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အကူအညီပေးနေတဲ့ ကွမ်လုံမြို့ အခြေစိုက် ဓမ္မစကူးကျောင်းက ဆရာမ မချစ်မီးက ကျန်နေသေးတဲ့အရပ်သားတွေဟာ လောက်ကိုင်မြို့နဲ့ အနီးတဝိုက်က ကယ်ဆယ်ရေးစခန်းတစ်ခုမှာ ခိုလှုံနေကြသူတွေဖြစ်တယ်လို့ ပြောပါတယ်။

"ကယ်ဆယ်ရေးစခန်းမှာ ပိတ်မိနေတာရယ်၊ လောက် ကိုင်မြို့တွင်းမှာ ပိတ်မိနေတာရယ်ဆို အယောက် တစ်ထောင်နီးပါးလောက် ရှိမယ်လို့ကြားရတယ်"

မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့တွေဟာ လောက်ကိုင်မြို့က စစ်ဘေးကြောင့် ထွက်ပြေးနေရသူတွေကို ဖေဖော်ဝါရီ လ ၁၃ ရက်နေ့စပြီး ကယ်ဆယ်ပေးနေကြတာဖြစ် ပါတယ်။ ကျန်ရှိနေသူအများစုဟာ လောက်ကိုင်မြို့တဝိုက်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အလုပ်လုပ်နေကြ သူတွေဖြစ်ပြီး မြန်မာပြည် အလယ်ပိုင်းဒေသကများပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က လောက်ကိုင်မြို့ကနေ ဒုက္ခသည်တွေကို ကယ်ဆယ်လာခဲ့တဲ့ ကြက်ခြေနီယာဉ်တန်းဟာ ပစ်ခတ်တိုက်ခိုက်ခံရတဲ့အတွက် ကျန်နေသေးတဲ့ ဒုက္ခသည်တွေကို သွားရောက်ကယ်ဆယ်ဖို့ ယာယီရပ်နားထားတယ်လို့ ပြောပါတယ်။

ဒီနေ့အထိ ကယ်ဆယ်ရေးပြုလုပ်ပေးခဲ့တာ တစ်ပတ်အတွင်း လူဦးရေ ၇၀၀၀ ကျော်လောက်ရှိပြီလို့လည်း သိရပါတယ်။

ဒီအတောအတွင်း ကိုးကန့်ဒေသမှာ အစိုးရက စစ်အုပ်ချုပ်ရေး ကြေညာအပြီး နောက်နေ့ ဖေဖော်ဝါရီ ၁၈ ရက် မနေ့က ချင်းရွှေဟော်မြို့အနီးမှာ အစိုးရတပ်ယာဉ်တန်း တိုက်ခိုက်ခံရတဲ့အတွက် ဗိုလ်ကြီးတစ်ဦးကျဆုံးပြီး တခြားတပ်သား ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နောက်ပိုင်း အစိုးရတပ်က နောက်ထပ် ၃ ဦးကျဆုံးပြီး ဒဏ်ရာရသူ ၂၇ ဦးရှိသွားပြီလို့ ဒီကနေ့ထုတ် အစိုးရသတင်းမီဒီယာတွေက ဖော်ပြပါတယ်။

ကိုးကန့်ဒေသတိုက်ပွဲတွေမှာ ကချင်လွတ်မြောက်ရေးတပ် KIA ၊ တအာင်း ပလောင်လွတ်မြောက်ရေးတပ်ဦး TNLA နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSA ဝမ်ဟိုင်းတပ်တွေက ကိုးကန့်လက်နက်ကိုင်တပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ အစိုးရရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ကိုးကန့်တပ်မတော်ဘက်ကလည်း အဲဒီအဖွဲ့တွေ ပူးပေါင်းကူညီတိုက်ခိုက်ပေးနေကြောင်း အတည်ပြုပြောဆိုထားပါတယ်။

လောက်ကိုင်ဒေသ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ချုပ်ဥက္ကဌ က ပေါမောက္ခ ဒေါက်တာ သာလှရွှေကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ MNDAA ကိုးကန့်အဖွဲ့ဘက်က ပူးပေါင်းကူညီတိုက်ခိုက်ပေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ MNDAA ကိုးကန့်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။