ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်း လွှတ်တော်အတည်ပြု
2016.09.20

နိုင်ငံသားတစ်ဦးရဲ့ ဥပဒေနဲ့အညီ လွတ်လပ်စွာ သွားလာနေထိုင်ခွင့် ၊ ပြောဆိုခွင့်၊ နေအိမ်ဥပစာလုံခြုံမှု၊ စာပေးစာယူနဲ့ အခြားဆက်သွယ်ဆိုင်ရာ လုံခြံမှုတို့နဲ့ဆိုင်တဲ့ နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နဲ့ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးပြီး ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
နိုင်ငံသားများရဲ့နေအိမ်၊ ပစ္စည်း၊ စာပေးစာယူနဲ့ တခြားဆက်သွယ်ရေးဆိုင်ရာ လုံြခုံမှုတွေကို ဥပဒေနဲ့ အညီ အကာအကွယ်ပေးဖို့အတွက် အဲဒီဥပဒေကြမ်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က ဥပဒေကြမ်းကော်မတီ က ပြည်သူ့လွှတ်တော်မှာ တင်သွင်းထားတာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးထွန်းထွန်ဟိန်က ဒီမိုကရေစီနိုင်ငံကို လျှောက်လှမ်းနေ တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံသားတွေရဲ့ တစ်ဦးချင်းလုံခြုံမှုကို အကာအကွယ်ပေးဖို့အတွက် ဒီဥပဒေကို ပြဌာန်းရ တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
အဲဒီဥပဒေကြမ်းကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ကန့်ကွက်မှုတွေရှိပေမယ့် အတည်ပြုခဲ့ တာဖြစ်ပါတယ်။
အဲဒီဥပဒေကြမ်းမှာ တရားရုံးရဲ့ခွင့်ပြုချက်မရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက် ကျော်လွန်ပြီး ချုပ်နှောင်ထားခြင်း မပြုရလို့ ပြဌာန်းပါရှိပါတယ်။ အဲဒီ တားမြစ်ချက်ကို ကျူးလွန်ရင် အနည်းဆုံးထောင်ဒဏ် ခြောက်လကနေ အများဆုံး သုံးနှစ်အထိ ချမှတ်ရမယ့်အပြင် ဒဏ်ငွေကျပ် ၃သိန်းကနေ ၁၅ သိန်း အထိချမှတ်နိုင်တယ်လို့ ပါရှိပါတယ်။
ဒါ့အပြင် တည်ဆဲဥပဒေတစ်ရပ်ရပ်မှာ အတိအလင်း ခွင့်ပြုထားခြင်းမရှိရင် မည်သူမျှ နိုင်ငံတော်သမ္မတရဲ့ ကြိုတင်ခွင့်ပြုမိန့် ဒါမှမဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ကြိုတင်ခွင့်ပြုမိန့်မရှိဘဲ နိုင်ငံသားတစ်ဦးဦးရဲ့ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တဲ့ နောက်ယောင်ခံစောင့်ကြည့်တာ၊ စုံစမ်းထောက်လှမ်းတာ၊ ဝင်ရောက်ရှာဖွေ သိမ်းဆည်းတာနဲ့ ဖမ်းဆီးတာတွေ မပြုလုပ်ဖို့လည်း တားမြစ်ထားပါတယ်။
ဥပဒေကြမ်းကော်မတီက တင်သွင်းထားတဲ့ နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကြမ်းမှာ အခန်း ၆ ခန်းနဲ့ ပုဒ်မ ၁၅ ခုပါရှိပြီး ပြည်သူ့လွှတ်တော်မှာ အတည်ပြုပြီးတဲ့နောက် အမျိုးသားလွှတ်တော်ကို ပေးပို့သွားမှာ ဖြစ်ပါတယ်။