မတူပီမြို့နယ်မှာ တပ်အင်အားတိုးလာတာကို ဒေသခံတွေ စိုးရိမ်


2019.04.28
rakhine-army-622.jpg ရခိုင်ပြည်နယ်မှာ ကင်းလှည့်နေတဲ့ တပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: AFP

ချင်းပြည်နယ် မတူပီမြို့နယ်ကို တပ်မတော်စစ်ကြောင်း ၇၇ ခြေလျင်တပ်ရင်းက အင်အားအလုံးအရင်းနဲ့ ဧပြီလ ၂၁ ရက်နေ့က ရောက်ရှိလာတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေကြောင်း ချင်းလူ့အခွင့်အရေး (CHRO) က မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

တပ်မတော် စစ်ကြောင်း တပ်မ ၇၇ က တပ်မတော်သား ၁၀၀၀ ခန့်ဟာ စစ်ကား အစီး ၁၀၀ ကျော်နဲ့ ရောက်ရှိလာခဲ့ပြီး အဲဒီထဲက စစ်ကား အစီး ၄၀ ခန့်ဟာ နောက်ရက်မှာ ပလက်ဝမြို့နယ်ဘက်ကို ထွက်ခွာသွားကြောင်း ထုတ်ပြန်ချက်အရသိရပါတယ်။

အလားတူ တပ်မတော် တပ်မ ၅၅ က တပ်မတော်သားတွေလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မတူပီမြို့ကိုရောက်ရှိလာပြီး ဒေသခံတချို့ကို လမ်းပြအဖြစ်ခေါ်ဆောင်သွားတာတွေရှိခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ချင်းပြည်နယ်အတွင်း တပ်မတော် စစ်ကြောင်းတွေ တိုးချဲ့လာတာတွေနဲ့ ဒေသခံတွေကို လမ်းပြအဖြစ် ခေါ်ဆောင်တယ်ဆိုပြီး ပြောဆိုချက်တွေအပေါ် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ချင်းအရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက်ကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေတဲ့ လုပ်ရပ်တွေကို ရခိုင့်တပ်မတော် AA အဖွဲ့ အနေနဲ့ မလုပ်ဖို့၊ ပလက်ဝမြို့နယ် တည်ငြိမ်အေးချမ်းရေးကို နိုင်ငံတော်အစိုးရမှ ကြိုးပမ်းဆောင်ရွက်ပေးဖို့နဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ဆက်လက်ထောက်ပံ့ကူညီပေးဖို့ကို ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။