တရုတ်ကြေးနီကုမ္ပဏီရေဆိုး ထုတ်လွှတ်မှု ငါးအမြောက် အများသေဆုံး
2015.09.30
တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ မြန်မာ-ယန်စီကုမ္ပဏီရဲ့ ကြေးစင်တောင် စပါယ်တောင် ကြေးနီထုတ်လုပ်တဲ့ လုပ်ကွက်ကနေထွက်ကျလာတဲ့ ရေဆိုးတွေကြောင့် အနီးတဝိုက် ကချောင်းထဲမှာ ငါးတွေသေကြေ ပျက်စီးရတဲ့အပြင် လူရောကျွဲနွားတွေအတွက်ပါ အန္တရာယ်များနေတဲ့အတွက် ဒေသခံတွေက ယန်စီကုမ္ပဏီ တာဝန်ရှိသူတွေကို ဒီနေ့တွေ့ပြီး အဲဒီကိစ္စကိုဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ရွှေပန်းခိုင်ရွာအနားကနေ ဖြတ်စီးတဲ့ချောင်းထဲမှာ ငါးတွေသေနေတာကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့မနက်မှာတွေ့ရတာလို့ ရွာသားတစ်ဦးဖြစ်တဲ့ ကိုအောင်မြင့်ဌေး က ပြောပါတယ်။
"၂၇ ရက်နေ့ ၁၀ နာရီလောက်မှာ ကျနော်တို့ အဲ့ဒါကိုသိတာ၊ ဒေသခံရွာသားတွေက နေပြီးတော့ တောထဲ သွားတော့မှ စိမ်းနေတဲ့ရေတွေတွေ့တယ်၊ ငါးတွေသေနေတာ လည်းတွေ့တယ် ဆိုပြီးကျနော်တို့ကို သတင်းပေးလို့ ကျနော်တို့ကသွားကြည့်တယ်၊ သွားကြည့်တော့ မြန်မာ-ယန်စီကနေ ရေတွေပေါက်ကျနေ တာ ကိုတွေ့တာပေါ့ဗျာ"
ဒီကိစ္စအတွက် ယန်စီကုမ္ပဏီတာဝန်ခံတွေနဲ့တွေ့ဖို့ ဒေသခံတွေကတောင်းဆိုကြလို့ ဒီနေ့နေ့လယ်မှာတော့ ကုမ္ပဏီက မြန်မာအရာရှိတစ်ဦးက လက်ခံတွေ့ဆုံ ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဘယ်လိုပြေလည်အောင်ဖြေ ရှင်းပေးမယ်ဆိုတာ မပြောလိုက်ဘူးလို့ ဆိုပါတယ်။
မုံရွာမြို့တစ်ဘက်ကမ်းမှာရှိတဲ့ ကြေးစင်တောင် စပါယ်တောင်ကြေးနီထုတ်လုပ်ရေးကို အရင် မဆလခေတ်က ကနေဒါနိုင်ငံအခြေစိုက် အိုင်ဗင်ဟိုကုမ္ပဏီက လုပ်ကိုင်ခဲ့ပြီး၊ စစ်အစိုးရခေတ်မှာ လူ့အခွင့်အရေးချိုးဖေါက် မှုတွေကြောင့် စီးပွားရေးမလုပ်ဖို့ ဝေဖန်ခံရတာများတဲ့အတွက် အိုင်ဗင်ဟိုကပြန်ရောင်းတာကို စစ်တပ်ရဲ့ ဦးပိုင် ကုမ္ပဏီက လက်လွှဲဝယ်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီလိုဝယ်ဖို့ငွေကို တရုတ်ကုမ္ပဏီဘက်က ပေးခဲ့တာလို့ လည်း ပြည်ပသတင်းတွေက ထုတ်ဖော်ရေးသားခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ရွှေပန်းခိုင်ရွာသား ကိုအောင်မြင့်ဌေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာနားဆင်နိုင်ပါပြီ။