၅ ထောင်တန်ဆိုင်တွေ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ တင်မည်
2016.12.24

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်နဲ့ ကျောက်တံတားမြို့နယ်တွေမှာ ဖွင့်လှစ်ထားတဲ့ ကြိုက်တာယူ ၅၀၀၀ ကျပ်ဆိုင်တွေနဲ့ ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြမှာဖြစ်ပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ လဝက၀န်ကြီး ထံတင်ပြသွားမှာဖြစ်တယ်လို့ ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောပါတယ်။
"ကျောက်တံတားနဲ့ ပန်းဘဲတန်း ၂ ခုကို ဒီလွှတ်တော်အားရက်မှာ အစီရင်ခံစာပေါင်းရေးပြီးတော့ တိုင်းဒေကြီးအစိုးရက သက်ဆိုင်ရာ လဝကနဲ့ အလုပ်သမားဝန်ကြီးဆီတင်မှာ ပန်းဘဲတန်းနဲ့ ကျောက် တံတားကို Pilot Project အနေနဲ့လုပ်ထားတာ အဲဒါပြီးမှ ကျန်တဲ့မြို့နယ်တွေကို ဆောင်ရွက်လို့ရအောင် တိုက်တွန်းအားပေးသွားမှာပါ"
အဲဒီဆိုင်တွေမှာ အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေဟာ အလည်အပတ် ဗီဇာတွေနဲ့ လာရောက်ကြပြီး အိမ်ဌားရမ်းနေထိုင်ကြသလို တချို့က ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ နေထိုင်ကြတယ်လို့ ဦးသန်းနိုင်ဦး က ပြောပါတယ်။
အဲဒီနိုင်ငံခြားသားတွေဟာ အလုပ်သမားတွေကို လစာပေးဌားရမ်းရာမှာလည်း နိုင်ငံခြားသားဆို ၇ သိန်း ခန့်ပေးပေမယ့် ပြည်တွင်းအလုပ်သမားတွေကို လစာ တစ်သိန်းကျော်သာပေးတာကို တွေ့ရှိရကြောင်း လည်း ပြောပါတယ်။
အဲဒီဆိုင်ခန်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့တာဖြစ်ပြီး လွှတ်တော်နားရက်အတွင်း အစီရင်ခံစာကို အပြီးသတ်ရေးဆွဲကာ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးဇော်အေးမောင်ထံ တင်သွင်းသွားမှာဖြစ်ပါတယ်။