လူမှုရေးဗီဇာနဲ့ အလုပ်လုပ်နေ သူ နိုင်ငံခြားသားတွေကို အရေးယူမည်


2016.10.07
construction-620.jpg ရန်ကုန်မြို့နယ်အတွင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်မြို့တွင်း လူမှုရေး ဗီဇာတွေနဲ့ အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားသားတွေကို စိစစ်အရေးယူဖို့ ဆောင်ရွက် သွားမယ်လို့ ပန်းပဲတန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး က ပြောပါတယ်။

အလုပ်လုပ်ကိုင်ခွင့်ဗီဇာနဲ့ လာတာမဟုတ်ဘဲ လူမှုရေးဗီဇာနဲ့ လာတာဖြစ်တဲ့အတွက် တိုင်းပြည်အတွက် အခွန်ငွေနစ်နာသလို ပြည်သူတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ နစ်နာမှုရှိနေတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောပါတယ်။

"သူတို့က အလုပ်လုပ်ကိုင်ခွင့်ဗီဇာနဲ့ လာတာမဟုတ်ဘူး Soical ဗီဇာနဲ့လာတာ Soical ဗီဇာနဲ့ လာအလုပ်လုပ်ပြီးလို့ရှိရင် ပြန်သွားနဲ့ တိုင်းပြည်အတွက်လည်း ဘာမှဝင်ငွေမရ ကျနော်တို့ လူမျိုးတွေကလည်း အလုပ်အကိုင်တွေမရဆိုတော့ အဲ့ဒါတွေကို ကျနော်က ထောက်ပြတဲ့အနေနဲ့ အခွင့်အလမ်းတွေယူသွားမယ် ကျနော်တို့နိုင်ငံသားတွေက ဒုံရင်းကဒုံရင်းပဲဖြစ်မှာစိုးလို့ မေးခွန်းမေး ခဲ့တာပါ"

ရန်ကုန်မြို့မှာ တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားတွေထဲမှာ တရုတ်လူမျိုးကအများဆုံးဖြစ်ပြီး လတ် တလော ခေတ်စားနေတဲ့ ကြိုက်တာယူ ၅၀၀၀ ဆိုတဲ့ အရောင်းဆိုင်တွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်တွေမှာ အများဆုံးလုပ်ကိုင်နေကြကာ လူဦးရေ သောင်းနဲ့ချီရှိနေတယ်လို့ ပြောပါတယ်။

သူတို့ကို အရေးယူဆောင်ရွက်ပေးဖို့အတွက် မနေ့ကကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ မေး ခွန်းမေးမြန်းခဲ့ရာ ရန်ကုန်တိုင်း အလုပ်သမား အလုပ်အကိုင်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးဇော်အေးမောင် က တရားမဝင်နေထိုင်သူတွေကို တွေ့ရှိတဲ့ပြည်သူတွေက ဂုတ်ဆွဲခေါ်ဆောင်ပြီး ရဲလက်အပ် ဖို့ ပြောကြားခဲ့ပါတယ်။

ဝန်ကြီးရဲ့ဖြေကြားချက်အပေါ် ဘဝင်မကျပေမယ့် ဒီလိုတရားမဝင်နေထိုင်သူတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ အတွက် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေ၊ စည်ပင်အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး က ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့အတွင်း တရားမဝင်နိုင်ငံခြားသားတွေ အိမ်ဌားရမ်းနေထိုင်နေတာနဲ့ ပတ်သက်ပြီး စိစစ်အရေးယူသွားမယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။