ချင်းတွင်းမြစ်အထက်ပိုင်းမှာ မြစ်ရေကြီးမှု ရက်ကြာလာလို့ စားသောက်ရေး အခက်ကြုံ

RFA Burmese
2024.07.10
ချင်းတွင်းမြစ်အထက်ပိုင်းမှာ မြစ်ရေကြီးမှု ရက်ကြာလာလို့ စားသောက်ရေး အခက်ကြုံ ခန္တီးမြို့ ရေကြီးရေလျှံမှုကြောင့် ရွှေ့ပြောင်းနေကြသူများကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းက တွေ့ရစဥ်။
Citizen Photo

ချင်းတွင်းမြစ်အထက်ပိုင်းက ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်နဲ့ ကလေးဝမြို့တွေမှာ ရေကြီးရေလျှံမှု အချိန်တစ်ပတ်ကျော်လာတဲ့အတွက် နေထိုင်စားသောက်ရေး အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၁၀ ရက်နေ့မှာ ပြောပါတယ်။

ရေကြီးတာ ရက်ကြာလာတာနဲ့အမျှ စုဆောင်းထားတဲ့ရိက္ခာတွေ နည်းလာပြီး အခက်တွေ့နေတာလို့ ခန္တီးမြို့ခံတစ်ဦးက ပြောပါတယ်။

“ရေကြီးတာ ခါတိုင်းနှစ်တိုင်းက အလွန်ဆုံးက လေးရက်လောက်ပဲရှိတာ။ အခုက တစ်ပတ်လောက် ရှိပြီဆိုတော့ တော်တော်ရုန်းကန်နေရတယ်။ အခြေခံစားသောက်ကုန်တွေ၊ ဆေးဝါးလိုအပ်ချက်တွေ တော်တော်များနေတယ်။ ချင်းတွင်းမြစ်အနောက်ဘက်က ရွာတွေဆို တော်တော်လေးကို ပိုပြီးဘေးကျပ် နံကျပ် ဖြစ်နေတယ်။ ကျွန်တော်တို့က ဝမ်းပျက်ဝမ်းလျှောဖြစ်မှာတွေလည်း စိုးရိမ်နေရတယ်”

ရေကြီးမှုကြောင့် ခန္တီးမြို့နယ်အတွင်းက စာသင်ကျောင်း ၁၅ ကျောင်းခန့်လည်း ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မော်လိုက်မြို့မှာလည်း တစ်မြို့လုံးနီးပါး ရေဝင်နစ်မြုပ်နေပြီး၊ ရေသန့်စက်ရုံတွေလည်း ရေမြုပ်နေတဲ့အတွက် သောက်ရေသန့် ရရှိဖို့အတွက်ပါ ခက်ခဲနေတယ်လို့ မော်လိုက်မြို့ခံတစ်ဦးက ပြောပါတယ်။

“တစ်မြို့လုံးနီးပါးပဲ အစိုးရရုံးတွေပဲ ကျန်တာပါ။ အခုက အခြေခံစားသောက်ကုန်တွေ လိုအပ်ပါတယ်ဗျ။ ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲထုပ်တွေပေါ့။ ရေသန့်တွေလည်း လိုပါတယ်ဗျ။ ရေသန့်စက်ရုံလည်း ရေမြုပ်သွားပါပြီ”

ဟုမ္မလင်း၊ ဖောင်းပြင်နဲ့ ကလေး၀မြို့တွေမှာလည်း ရေကြီးရေလျှံမှုတွေ ဆက်ရှိနေပါတယ်။

လက်ရှိမှာလည်း ခန္တီးနဲ့ ဟုမ္မလင်းမှာ စိုးရိမ်ရေမှတ်အထက် ခြောက်ပေကျော်၊ ဖောင်းပြင်နဲ့ မော်လိုက်မှာ စိုးရိမ်ရေမှတ်အထက် ကိုးပေဝန်းကျင်နဲ့ ကလေးဝမှာ စိုးရိမ်ရေမှတ်အထက် ခုနစ်ပေကျော်အထိ မြင့်တက်နေတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ဦးညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ဇူလိုင် ၁၀ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတစ်ဝန်း မြို့ပေါင်း ၁၇ မြို့မှာ စိုးရိမ်ရေမှတ်ကျော်နေပြီး နောက်ထပ်ရှစ်မြို့မှာ မြစ်ရေ ထပ်တိုးလာနိုင်တယ်လို့လည်း မိုး/ဇလ ဌာနက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။