ရေမဲကြီးနေရာ စစ်ကိုင်းတိုင်းအစိုးရ စစ်ဆေးမည်
2016.09.04

စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်တဝိုက်က ချင်းတွင်းမြစ်ရေထဲမှာ ခဲပါဝင်မှုတွေ များနေတာဟာ ခန္တီးဘက်မှာ အမဲရောင်ရေထွက်တဲ့ တွင်းတတွင်း ပေါ်နေတယ်ဆိုပြီး သတင်းတွေ ထွက်နေတာကြောင့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ သွားရောက် စစ်ဆေးမှာ ဖြစ်ပါတယ်။
ရေမဲကြီး စတင်ဖြစ်ပေါ်တဲ့နေရာ အရင်းအမြစ်ကို သွားရောက်ရှာဖွေပြီး တွေ့ရှိရင် ပြန်လည်ပြုပြင်မှု တွေလုပ်သွား မှာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေး မှူး ဒေါ်ဥမ္မာမြင့် က ပြောပါတယ်။
"အင်္ဂါနေ့ကိုသွားဖို့ရှိတယ်၊ ထိပ်ပိုင်းအထိလေ၊ ဖေ့စ်ဘွတ်ထဲမှာ တွေ့ထားတယ်၊ အဲ့နေရာမှာ တွင်းကြီးတစ်တွင်းတွေ့တယ်ပေါ့နော်၊ အဲ့တွင်းကြီးကနေပြီးတော့မှ အဲ့လိုမျိုး ဖြစ်နေတယ်ပေါ့၊ အဲ့နေရာလောက်နားအထိ ရောက်အောင်သွားဖို့တော့ စီစဉ်နေတယ်၊ ရေကို ပြန်ကောင်းအောင် လုပ်လို့မရဘူး၊ Treatment မပေးနိုင်ဘူး၊ အဲ့လိုမျိုး Treatmemt မပေးနိုင်ဘူးဆိုတော့ အပေါ်ကနေ ဆင်းလာတဲ့ Source ကို ရှာပြီးတော့မှ အဲ့ Source မှာ ဘာလုပ်လို့ရမလဲဆိုတာမျိုးကို စဉ်းစားရမှာ "
အဲ့ဒီဒေသတွေဘက်က ချင်းတွင်းမြစ်ရေကို အသေးစိတ် ထပ်မံစစ်ဆေးသွားမှာဖြစ်ပြီး သောက်ရေ ဒါမှမဟုတ် သုံးရေ အဖြစ် ဆက်ပြီး အသုံးပြုလို့ ရ/မရ ကို စစ်ဆေးသွားမယ်လို့လည်း ဒေါ်ဥမ္မာမြင့် က ပြောပါတယ်။
အဲ့ဒီမြစ်ရေမှာ ခဲပါဝင်မှုက အဆ ၁၀၀ ကျော်ရှိနေတာကြောင့် အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေ ခဲဆိပ်သင့်တဲ့ အန္တရာယ်ဖြစ်နိုင်ကြောင်း ရေမဲတွေစီးဆင်းခဲ့တဲ့ ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေမှာ ချင်းတွင်းမြစ်ရေကို သောက်သုံးဖို့ မသင့်ကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွေက လိုက်လံသတိပေးထားပါတယ်။
ခဲဆိပ်သင့်တဲ့ရောဂါ ခံစားရသူတွေဟာ အသားတွေပြာတာ၊ နှုတ်ခမ်းတွေပြာတာ၊ အရိုးကင်ဆာ ဖြစ်တာ၊ မွေး ကင်းစကလေးတွေနဲ့ ကလေးငယ်တွေအနေနဲ့ ကြီးထွားမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုတွေ နှေးသွားတာမျိုးတွေ ဖြစ်နိုင်တယ် လို့လည်း ပြောပါတယ်။
ချင်းတွင်းမြစ်ရေကို အသုံးမပြုရင်တောင် ခဲဆိပ်ပျံ့နှံမှုကြောင့် မြေကြီးထဲတွေ စိမ့်ဝင်ပြီး စိုက်ပျိုးရေး လုပ်ကိုင်လို့ မရတာတွေလည်း ရှိနိုင်ပါတယ်။