ချင်းတွင်းမြစ်ရေ ခဲဓါတ်များနေ
2016.09.01

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နဲ့ ခန္တီးမြို့နားတဝိုက်မှာ ချင်းတွင်းမြစ်ရေတွေ မဲနေတာကြောင့် ဓာတ်ခွဲ စစ်ဆေးကြည့်ရာမှာ ခဲဓါတ်တွေ အများအပြားပါဝင်နေပြီး သောက်သုံးရန်မသင့်ကြောင်း တွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောပါတယ်။
ချင်းတွင်းမြစ်ရေမှာ ခဲပါဝင်မှုက ရေထဲမှာပျော်ဝင်ရမယ့်နှုန်းထားထက် အဆ ၁ဝဝ ကျော် ပိုပြီး ပါဝင်နေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဦးသန်းဌေး က ပြောပါတယ်။
"သဘာဝပတ်ဝန်းကျင်ဦးစီးဌာနရဲ့ Report ပေါ့၊ သူကကျတော့ ခဲပါဝင်မှုက ရေထဲမှာ သာမန်ပျော်ဝင် ရမယ့် နှုန်းထားထက် အဆ ၁ဝဝ ကျော်ပေါ့၊ မြောက်များစွာပိုပါနေတာကို တွေ့ရတယ်တဲ့၊ ဒါ့ကြောင့်မို့ ဘယ်လိုမှ သောက်သုံးရန် မသင့်ပါဘူး၊ အန္တရာယ်ရှိနိုင်ပါတယ်လို့ ပြောတာပေါ့၊ ဒါအင်မတန်စိုးရိမ်ရတဲ့ အနေအထားပါလို့ ပြောပါတယ်"
ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပေးပို့တဲ့မြစ်ရေနမူနာကို မန္တလေးဓါတ်ခွဲခန်းမှာ စစ်ဆေးခဲ့ပြီး အဲဒီလို စစ်ဆေးတွေ့ရှိရတာဖြစ်ပါတယ်။
ရေမဲတွေစီးဆင်းခဲ့တဲ့ ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေမှာ ချင်းတွင်းမြစ်ရေကို သောက်သုံးရန် မသင့်ကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွေက လိုက်လံသတိပေးထားပါတယ်။
စစ်ကိုင်းတိုင်းအစိုးရအဖွဲ့အနေနဲ့ ချင်းတွင်းမြစ်ရေကို နောက်ထပ် ဓါတ်ခွဲစစ်ဆေးသွားမှာဖြစ်ပြီး ချင်းတွင်းမြစ်ထဲ ကို ရေမဲတွေ စတင်စီးဝင်ခဲ့တဲ့ နမ့်စလိန်ချောင်းကိုလည်း သွားရောက်စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဦးသန်းဌေး က ပြောပါတယ်။
အဲ့ဒီဘက်မှာ ပြီးခဲ့တဲ့ ၂ နှစ်လောက်တုန်းကလည်း အခုလို အမဲရောင်ရေတွေ စီးဆင်းခဲ့ဖူးတယ်လို့ ဒေသခံတွေ က ပြောပါတယ်။