တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့နဲ့ မုံးကိုးနယ်စပ်ဂိတ်တွေ ဖွင့်ထားပေမဲ့ လူဝင်ထွက်ခွင့်မရ

RFA Burmese
2024.05.14
တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့နဲ့ မုံးကိုးနယ်စပ်ဂိတ်တွေ ဖွင့်ထားပေမဲ့ လူဝင်ထွက်ခွင့်မရ ကျင်စန်းကျော့ နယ်စပ်ဂိတ်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့က တွေ့ရစဉ်။
The KoKang

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ပန်ဆိုင်းမြို့နယ်ခွဲမှာရှိတဲ့ ကျင်စန်းကျော့နယ်စပ်ဂိတ်နဲ့ မုံးကိုးမြို့နယ်က နယ်စပ်ဂိတ်တွေကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ပြန်ဖွင့်ခဲ့ပေးပေမဲ့ နှစ်နိုင်ငံ လူဝင်ထွက်ခွင့် မေလ ၁၄ ရက် ဒီနေ့အထိ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဒေသအတွင်း နေထိုင်သူတွေအတွက် နယ်စပ်ဖြတ်သန်းခွင့်စာအုပ်တွေကို တရုတ်နိုင်ငံဘက်က သီးသန့် လုပ်ပေးမယ်လို့ ပြောဆိုထားပြီး လတ်တလောမှာတော့ ဒေသခံတွေကို ဝင်ထွက်ခွင့်မပြုသေးဘူးလို့ ပန်ဆိုင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“တရုတ်ဘက်က ရွှေလီရယ်၊ မန်စီရယ်၊ ပန်ဆိုင်းနဲ့အစပ်က ဝမ်တိန်ရယ်ပေါ့နော် သုံးနေရာကို သွားလို့ရတဲ့ ကတ်ပြားတွေလုပ်ပေးမယ်လို့ ပြောထားတယ်။ ဒါပေမဲ့ အခုထိတော့ ဘာမှအကောင်အထည်ပေါ်လာတာ မရှိသေးဘူး။ ဂိတ်တွေကဖွင့်တယ်။ လူကဝင်ထွက်ဖို့ ခွင့်မပြုဘူး။ ကျွန်မတို့ ပန်ဆိုင်းရော မုံးကိုးဒေသခံတွေ အားလုံးက မူဆယ်ကိုပဲ သွားကြရတာ”

လက်ရှိမှာ တရုတ်နိုင်ငံဘက်က ကုန်ပစ္စည်းတင်ပို့တဲ့ကားတွေနဲ့ မြန်မာဘက်က တစ်ပိုင်တစ်နိုင် ကုန်ပို့တဲ့ ကားတွေလောက်ပဲ နယ်စပ်ဂိတ်မှာ ကုန်ပစ္စည်းအချိန်းအပြောင်းလုပ်တဲ့စနစ်နဲ့ သွားနေတယ်လို့ သူက ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ MNDAA သတင်းပြန်ကြားရေးတာဝန်ခံ လီကျားဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းက ၁ဝ၂၇ စစ်ဆင်ရေးကြောင့် ၂ဝ၂၃ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ပိတ်ထားခဲ့ရတဲ့ မြန်မာ-တရုတ်နယ်စပ် ကျင်စန်းကျော့၊ မုံးကိုးနဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ်ပေါက်တွေကို မတ်လ ၁၁ ရက်နေ့မှာ MNDAA က ပြန်ဖွင့်ပေးခဲ့တာပါ။

နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ခဲ့ပေမဲ့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေလည်း အပြည့်အ၀ ပြန်လည်လည်ပတ်နိုင်တာမျိုး မရှိသေးဘူးလို့ နယ်စပ်ကုန်သည်တွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။