ဆော့လော်ဒေသခံတွေ အခြေခံကုန်ပစ္စည်းရှားမှုနဲ့ ရင်ဆိုင်နေရ
2018.03.19

တရုတ်-မြန်မာနယ်စပ် ဆော့လော်ဒေသဘက်ကို မြစ်ကြီးနားဘက်ကနေ စက်သုံးဆီနဲ့ ဆန်တွေသယ်ယူဖို့ ကန့်သတ်မှုတွေရှိနေတာကြောင့် အဲဒီဒေသဘက်မှာ အခြေခံကုန်ပစ္စည်းတွေ ရှားပါးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် လမ်းပိတ်ထားတာတွေနဲ့ ဂိတ်ပေါင်းစုံရဲ့ တားမြစ်မှုတွေကြောင့် အခက်အခဲတွေ ရှိနေတာဖြစ် တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သုံးဆယ့်လေးမိုင် လမ်းကျတော့ ကေအိုင်အေနဲ့ အပစ်အခတ်ဖြစ်ပြီးမှ ပိတ်ထားတာ ဟုတ်ပါတယ်။ အခုဖြစ်နေ တာတော့ အဲဒီလမ်းကိုပိတ်ပြီးမှ ကျနော်တို့က ချီဖွေကနေ မိုင် ၆၀ ၊ ၇၀ လောက် ပတ်နေရပါတယ်။ ပြည်သူတွေ က မျှော်လင့်နေကြတယ် အဲဒီလမ်းပွင့်ဖို့။ နောက်တစ်ခုကျတော့ ကျနော်တို့မြို့နယ်အတွင်းက သစ်ထုတ်တဲ့ တရုတ်တွေကျတော့ ဟိုဘက်ကမ်း ကေအိုင်အေ နယ်မြေအထိကိုသွားပြီးတော့ သစ်ထုတ်နေကြတယ်။ အဲဒီမှာ သူတို့မှာ ဖောင်အကြီးကြီးလုပ်ပြီးမှ ကူးနေကြတယ်။ ကျနော်တို့ အဓိကဖြစ်ချင်တာက မြစ်ကြီးနားကနေ လုံခြုံရေးအရဆိုပြီး ပိတ်ပင်ထားတဲ့ ဆန်၊ ဆီ၊ ဆားများကိုလည်း ကျနော်တို့ ပြည်သူတွေက လွတ်လွတ်လပ်လပ် သယ်ယူချင်တဲ့ စိတ်တစ်ခုတော့ရှိတာပေါ့"
ပြီးခဲ့တဲ့နှစ်အတွင်းမှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆော့လော်ဒေသဘက်ကို ဆန်ရိက္ခာနဲ့ စက်သုံးဆီတွေ သယ်ယူဖို့ အခက်အခဲရှိနေတဲ့အကြောင်း ပြည်နယ်လွှတ်တော်မှာ မေးမြန်းခဲ့ရာ ဒေသအာဏာ ပိုင်တွေက ပေးပို့လာတဲ့ အိမ်ထောင်စုစာရင်းတွေအရ လုံလောက်အောင် သယ်ယူခွင့်ပြုနေကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူက ဖြေကြားခဲ့ပါတယ်။
လက်တွေ့မှာတော့ ဒေသခံပြည်သူတွေအတွက် ဆန်ရိက္ခာတွေ ရှားပါးမှုတွေရှိနေကြာင်း သိရပါတယ်။
အရင်က ချီဖွေကနေ ဆော့လော်ကိုသွားနေကျ မိုင် ၃၀ ကျော်အကွာအဝေးရှိတဲ့လမ်းကိုလည်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစပြီး အသုံးပြုလို့မရတော့တာကြောင့် မိုင် ၆၀ ကျော် အကွာအဝေးရှိတဲ့ လမ်းဘက်ကနေ လှည့်ပတ်သွားလာနေရတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အစိုးရဌာနဆိုင်ရာတချို့နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပါဝင်ပတ်သက်မှုတွေနဲ့အတူ တရုတ်နိုင်ငံ သားတွေက တရုတ်ပြည်ဘက်ကို တရားမဝင်သစ်ခိုးထုတ်နေကြတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
အခုရက်ပိုင်းတွေမှာ တရုတ်ပြည်ဘက်ကို ခန့်မှန်းသစ်တင်ကား အစီး ၂၀ ကနေ ၄၀ ကြား နေ့စဉ်လိုလို တရားမဝင် သယ်ထုတ်နေကြတယ်လို့ သိရပါတယ်။
အဲဒီအဖွဲ့အစည်းတွေက တရားမဝင် သစ်သယ်ထုတ်တဲ့နေရာမှာ ပါဝင်နေကြတယ်ဆိုတာနဲ့ ပတ်သက်နေတယ်ဆိုတဲ့ အခြေအနေကိုတော့ RFA က သီးခြားအတည်ပြုမေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။
တရုတ်-မြန်မာနယ်စပ်က ဆော့လော်မြို့နယ်မှာ လော်ဝေါ်နဲ့ လီဆူတိုင်းရင်းသားတွေအများစုနဲ့ ရဝမ် နဲ့ ဂျိန်းဖော လူမျိုးတွေလည်း နေထိုင်ကြတာဖြစ်ပြီး ရွှေ့ပြောင်းတောင်ယာနဲ့ တရုတ်ဟင်းခတ်အမွှေးအကြိုင်ဖြစ်တဲ့ ရှာကော၊ ပါကောပင်တွေကို စိုက်ပျိုးလုပ်ကိုင်ကြတာဖြစ်ပါတယ်။