ဆော့လော်မြို့နယ် လေပြင်းတိုက် လူ ၁၀၀၀ ကျော် ဒုက္ခရောက်


2016.05.04
sotlaw-620.jpg ကချင်ပြည်နယ် ဆော့လော်မြို့နယ်မှာ ဧပြီလ ၂၄ ရက်နေ့က မိုးဒဏ်လေဒဏ်ကြောင့် ပျက်စီးနေတဲ့အိမ်တွေကို တွေ့ရစဉ်
Photo: MOI Facebook

တရုတ်-မြန်မာ နယ်စပ် ကချင်ပြည်နယ် ဆော့လော်မြို့နယ်မှာ ဧပြီလ ၂၄ ရက်နေ့က မိုးဒဏ်လေ ဒဏ်ကြောင့် တောင်ကျချောင်းရေ တိုက်စားပြီး ပျက်စီးခဲ့ရတဲ့ကျေးရွာ ၁၀ ရွာက လူဦးရေ တစ်ထောင်ကျော် အတွက် ပြည်နယ်အစိုးရနဲ့ တပ်မတော်တို့ အရေးပေါ်ကယ်ဆယ်ရေးတွေ ပူးပေါင်းလုပ်ဆောင်နေကြပါတယ်။

လောလောဆယ်မှာ ဆန်ရိက္ခာနဲ့ အရေးပေါ်ပစ္စည်းတွေကို မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က တပ်မတော် ရဟတ်ယာဉ်နဲ့ ပို့ဆောင်ပေးနိုင်ဖို့ စီစဉ်နေသလို မော်တော်ယာဉ်တန်းတွေနဲ့လည်း သွားရောက်ကူညီနိုင် ဖို့ ဆောင်ရွက်နေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအေးမောင်ကြည် ကပြောပါတယ်။

"တပ်မတော်က တိုင်းရင်းမှူးကြီးကိုယ်တိုင် ဦးဆောင်ပြီးတော့ တပ်မတော်ရဟတ်ယာဉ် အကူအညီနဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့က စီမံပေးတဲ့ အရေးပေါ်ဆန်အိတ်တစ်ရာ၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးက အခြေခံပစ္စည်းကိုးမျိုး၊ ကြက်ခြေနီက အရေးပေါ်သုံးပစ္စည်းတွေကို ရဟတ်ယာဉ်နဲ့ သယ်ပြီးတော့ချပေးနိုင်ပါတယ်၊ ရေဘေးဖြစ်သွားတဲ့ အိမ်ထောင်စု ၁၈ဝ၊ လူဦးရေ ၁၁၆၇ ဦးအတွက် ကျနော်တို့ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်"

လာကင် ချောင်းရေကြီးလို့ ရေဘေးသင့်ဒဏ်ခံထားရတဲ့ ကျေးရွာတွေဟာ ဆော့လော်မြို့နယ်က လာချင်၊ တထုံကျင်၊ နာပေဖုံ၊ လာကင် စတဲ့ ရွာ ၁၀ ရွာဖြစ်ပြီး   ဧပြီလ ၃၀ ရက်နေ့က တပ်မတော် ရဟတ်ယာဉ်နဲ့ အရေးပေါ်ပစ္စည်းတွေကို နှစ်ကြိမ်သွားရောက်ကူညီခဲ့ပါတယ်။

ဒါ့အပြင် ပြည်နယ်အစိုးရက ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ရေဘေးသင့်ဒေသကို လီဆူနဲ့ ဗမာ တိုင်းရင်းသားရေးရာ ဝန်ကြီး နှစ်ဦးက ရှေ့ပြေး သွားရောက်ကူညီနေသလို လူမှုရေးဝန်ကြီးကလည်း မြစ်ကြီးနားမြို့ကနေ ရိက္ခာနဲ့ အရေးပေါ်ပစ္စည်းတွေ ထောက်ပံ့နိုင်ရေးအတွက် စီစဉ်နေတာဖြစ်ပါတယ်။

အဲ့ဒီရေဘေးသင့်ပြည်သူတွေကို ကူညီနိုင်ဖို့အတွက် လမ်းပန်ုးဆက်သွယ်ရေး အခက်အခဲက အဓိကအတား အဆီးဖြစ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအတောအတွင်း ဆော့လော်ဒေသက ရေဘေးသင့်ပြည်သူတွေအတွက် တရုတ်နိုင်ငံ ယူနန်ပြည် နယ် နုကျန်ပြည်နယ်ခွဲက တာဝန်ရှိသူတွေကလည်း ကချင်ပြည်နယ်အစိုးရနဲ့ပူးပေါင်းပြီး အကူအညီပေးနိုင် ဖို့ ပြင်ဆင်နေပါတယ်။

အလားတူပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က ဖားကန့်မြို့နယ်မှာ လေပြင်းတိုက်ခတ်လို့ ဆိပ်မူ၊ မမုံ၊ စပေါ့၊ နမ့်မှော် စတဲ့ကျေးရွာတွေက အိမ်ခြေသုံးရာကျော်ရဲ့ အိမ်အမိုးတွေပျက်စီးခဲ့သလို လူနှစ်ယောက်လည်း သေဆုံးခဲ့ပါတယ်။

အဲ့ဒီအထဲက ၂၈ အိမ်ဟာ လုံးဝပျက်စီးခဲ့တဲ့အတွက် ပြည်နယ်အစိုးရအဖွဲ့ နဲ့ ကြက်ခြေနီအသင်းတွေက ငွေကြေးနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို မနေ့က သွားရောက်ကူညီလှူဒါန်းနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။