ချင်းပြည်နယ် ထန်တလန်မြို့ နယ်မှာ မိုးကြီးပြီး မြေပြို


2016.08.24
chin-flooding-620.jpg ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ သြဂုတ်လ ၂၂ ရက်နေ့က မိုးကြီးပြီး မြေပြိုကျမှု ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်
Photo: Ngun Len Sung/ Facebook

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကြီးပြီး မြေပြိုမှုကြောင့် နေအိမ် ၅ လုံး ပြိုကျပျက်စီးခဲ့ပြီး ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပါတယ်။

ထန်တလန်မြို့နယ် ဖုန်ကကျေးရွာက နေအိမ်တွေပြိုကျပျက်စီးသွားတဲ့ အိမ်ထောင်စု ၅ စု အတွက် ထောက်ပံ့ငွေ၊ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ဆန်ရိက္ခာတွေ ထောက်ပံ့ပေးထားတယ်လို့ ချင်းပြည်နယ်၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နုနုခိုင် က ပြောပါတယ်။

"ထန်တလန်မြို့နယ် ဖုန်ကကျေးရွာ အမှတ် ၁ နဲ့ အမှတ် ၂ ရပ်ကွက်ပေါ့နော်၊ သူတို့မြေပြိုလို့ အဲ့ဒီမှာ ကယ်ဆယ်ရေးပစ္စည်း ၉ မျိုး ထောက်ပံ့ခဲ့တယ် ၅ အိမ်ထောင်စုအတွက်၊ အိမ်ထောင်စု ၃ စုက တစ်စိတ် တစ်ပိုင်းပျက်စီးတာကို ၂ သောင်းစီ ထောက်ပံ့ခဲ့ပြီး ကျန်တဲ့ အိမ်ထောင်စု ၂ စုကတော့ လုံးဝပျက်စီးတယ် ဆိုတော့ ၅ သောင်းစီ နဲ့ နောက်လူတစ်ဦးသေဆုံးတယ်ဆိုလို့ ၁ သိန်း ထောက်ပံ့ခဲ့တယ်"

အဲ့ဒီ အိမ်ထောင်စု ၅ စုက လူဦးရေ ၃၂ ဦးဟာ လက်ရှိ နီးစပ်ရာဆွေမျိုးအိမ်တွေကို ပြောင်းရွှေ့ နေထိုင်နေ ကြပါတယ်။

မြေအက်ကွဲကြောင်းတွေရှိနေပြီး မိုးထပ်ရွာလာရင် အန္တရာယ်ရှိတဲ့အတွက် ဟားခါးမြို့ ဈေးဟောင်းရပ်ကွက် က နေအိမ် ၃ လုံး နဲ့ ဈေးသစ်ရပ်ကွက်က နေအိမ် ၁ လုံးက လူတွေကိုလည်း နီးစပ်ရာ ဆွေမျိုးအိမ်တွေ ကို ပြောင်းရွှေ့ပေးထားရပါတယ်။

အဲ့ဒီနေအိမ်တွေအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက အိမ်ဆောက်ပစ္စည်းဖိုး တစ်အိမ်ကို ၅ သောင်းနှုန်း၊ ကယ်ဆယ်ရေးပစ္စည်း ၉ မျိုး နဲ့ ဆန်ရိက္ခာတွေ ထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလည်း ဟားခါးမြို့ဈေးဟောင်းရပ်ကွက်က နေအိမ်တချို့ကို ပြောင်းရွှေ့ပေးဖို့ စီစဉ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။