ဝန်ကြီးဌာန ၁၄ ခုပါဝင်တဲ့ ချင်းပြည်အစိုးရအဖွဲ့ ဖွဲ့စည်း

RFA Burmese
2024.02.01
ဝန်ကြီးဌာန ၁၄ ခုပါဝင်တဲ့ ချင်းပြည်အစိုးရအဖွဲ့ ဖွဲ့စည်း ချင်းပြည်နယ်၊ ဟားခါးမြို့တစ်နေရာကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ချင်းပြည် (Chinland) ကောင်စီရဲ့ ဒုတိယအကြိမ်အစည်းအဝေးကနေ ချင်းပြည် (Chinland) အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၁၄ ခုနဲ့ ဖွဲ့စည်းလိုက်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ဇန်နဝါရီလ ၃၀ ရက်ကနေ ၃၁ ရက်နေ့အထိ ချင်းလုံမြို့မှာ ချင်းပြည် (Chinland) ကောင်စီရဲ့ ဒုတိယအကြိမ်အစည်းအဝေးကို ကျင်းပခဲ့ပြီး လူတစ်ရာ တက်ရောက်ခဲ့ပါတယ်။

ချင်းပြည်ကောင်စီရဲ့ ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း ချင်းပြည်အစိုးရအဖွဲ့အပါအဝင် မဏ္ဍိုင်သုံးရပ်ကို ဖွဲ့စည်းခဲ့တာလို့ ချင်းပြည်ကောင်စီ အတွင်းရေးမှူး ဆလိုင်းပေါလ် (Salai Paul) က ပြောပါတယ်။

"ကျွန်တော်တို့အနေနဲ့က ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပြည်သူလူထုကို ချပြတယ်၊ ပထမအကြိမ် ချင်းပြည်ကောင်စီ အစည်းအဝေးကနေပြီးတော့ ကြေညာချက်အတိုင်း ဒီညီလာခံကနေ အတည်ပြုလိုက်တဲ့ ဖွဲ့စည်းပုံအရ ရက်ပေါင်းခြောက်ဆယ်အတွင်းမှာ မဏ္ဍိုင်ကြီးသုံးရပ်ကို ဖွဲ့စည်းသွားမယ်ဆိုတဲ့အတိုင်းပဲ ခုချင်းပြည်ကောင်စီ ဒုတိယအစည်းအဝေးကနေ ချင်းပြည်အစိုးရအဖွဲ့၊ ချင်းပြည်တရားရေး၊ တရားလွှတ်တော်ချုပ်နဲ့ ချင်းပြည်လွှတ်တော်တို့ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်"

လက်ရှိတော်လှန်ရေးကာလမှာ ပြည်သူတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်အောင် ရည်ရွယ်ဖွဲ့စည်းတာလို့လည်း ဆိုပါတယ်။

ချင်းပြည်အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်အဖြစ် ပူပသန် (Pu Pa Thang) က ဆောင်ရွက်မှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ဝန်ကြီးဌာန ၁၄ ခုနဲ့ ဖွဲ့စည်းထားပါတယ်။

ချင်းပြည် (Chinland) ကောင်စီက ချမှတ်ထားတဲ့ ရည်မှန်းချက်အတိုင်း အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်အာမခံချက်ရှိတဲ့ ချင်းပြည်တည်ဆောက်ရေးနဲ့ ချင်းအမျိုးသားပိုင်နယ်မြေနဲ့ ချင်းအမျိုးသားတစ်ရပ်လုံးကို ကာကွယ်မဲ့ ချင်းအမျိုးသားတပ်မတော် တည်ဆောက်ရေး စတာတွေကို ချင်းပြည်သူတွေနဲ့ လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ကြေညာထားပါတယ်။

ချင်းပြည်ကောင်စီကနေ ဖွဲ့စည်းလိုက်တဲ့ မဏ္ဍိုင်သုံးရပ်ကိုအခြေခံပြီး တော်လှန်ရေးကာလ ချင်းပြည်သူတွေရဲ့ ကိစ္စအဝဝကို စီမံဆောင်ရွက်သွားဖို့နဲ့ အာဏာရှင်စနစ် အမြစ်ဖြတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးမှာ စစ်ရေး၊ နိုင်ငံရေးကို ဟန်ချက်ညီညီဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ 

ညီနောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ အစိုးရတွေ၊ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေနဲ့လည်း လက်တွဲသွားမယ်လို့လည်း ရေးသားထားပါတယ်။

ချင်းပြည်နယ်ရဲ့ ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို ချင်းပြည်ကောင်စီက အုပ်ချုပ်မှာကို လက်မခံဘူးလို့ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat) တို့ ပါဝင်တဲ့ ချင်းညီနောင် မဟာမိတ်သုံးဖွဲ့ရဲ့ ခေါင်းဆောင်တွေက ဇန်နဝါရီ ၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ချင်းပြည်ကောင်စီတာဝန်ရှိသူတွေကတော့ မပါဝင်သေးတဲ့သူတွေကို ပါဝင်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။