သက်ငယ်မုဒိမ်းမှု အမြင့်ဆုံးပြစ်ဒဏ်သတ်မှတ်ချက် အမျိုးသားလွှတ်တော် အတည်ပြု


2018.11.30
amyothar-parliament-622.jpg အမျိုးသားလွှတ်တော်အစည်းအဝေးကို အောက်တိုဘာလ ၅ ရက်နေ့က ကျင်းပနေစဉ်
Photo: Win Ko Ko Latt/ RFA

အသက် ၁၂ နှစ်အောက် မိန်းကလေးကို မုဒိမ်းမှုကျူးလွန်တယ်ဆိုရင် သက်ငယ်မုဒိမ်းမှုအဖြစ် သတ်မှတ်ပြီး ထောင်ဒဏ် နှစ် ၂၀ ဒါမှမဟုတ် ထောင်ဒဏ်တသက်အထိ ပြစ်ဒဏ်ချမှတ်ဖို့ အမျိုးသားလွှတ်တော်မှာ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းက ပြီးခဲ့တဲ့ သြဂုတ်လက တင်သွင်းတဲ့ ရာဇသတ်ကြီးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းရဲ့အပိုဒ် ၃၇၆၊ အပိုဒ်ခွဲ ၃ ပါ သက်ငယ်မုဒိမ်းမှုအတွက် အသက်သတ်မှတ် ချက်ကို အတည်ပြုလိုက်တာပါ။

ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် ၁၀ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နော်လှလှစိုးက အသက်အရွယ် သတ်မှတ်ချက် ၁၂ နှစ်အစား ၁၆ နှစ်လို့ ပြင်ဆင်ဖို့နဲ့ တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်းက ပြစ်ဒဏ်အတွက် သေဒဏ်သတ်မှတ်ဖို့ ပြင်ဆင်ချက် တင်သွင်းခဲ့ပေမယ့် မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။

ရာဇသတ်ကြီးကို ပြင်ဆင်တဲ့ ဥပဒေမှာ အသက် ၁၆ နှစ်လို့ ပြင်ဆင်ခဲ့ပြီးဖြစ်တဲ့အတွက် အခုပြင်ဆင်တဲ့ ဥပဒေကြမ်းဟာ သက်ငယ်မုဒိမ်းအတွက် အဓိက ပြင်ဆင်တာဖြစ်လို့ အသက် ၁၆ နှစ်သတ်မှတ်ဖို့ မသင့်ဘူးလို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီကလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြစ်ဒဏ်ကိုလည်း လူ့အခွင့်အရေးစံနှုန်းတွေနဲ့ ကိုက်ညီမှုရှိအောင် ဆောင်ရွက်ရလို့ သေဒဏ်ကို ထည့်သွင်းခြင်းမပြုဘူးလို့လည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်၊ ဧပြီလအထိ သက်ငယ်မုဒိမ်းမှုပေါင်း ၁၉၂၈ မှုဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အမျိုးသားလွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်တဲ့ အဲဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ကို ပေးပို့ပြီး ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။