လက်နက်ကြီးအစမှန်လို့ သမီးလှကျေးရွာက ကလေးတစ်ဦး သေဆုံး


2019.01.29
naingsoe-622.jpg ရသေ့တောင်မြို့နယ် သမီးလှကျေးရွာက အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးရဲ့ရုပ်အလောင်းကို ၂၀၁၉၊ ဇန်နဝါရီ ၂၉ ရက်နေ့က စစ်တွေဆေးရုံမှ သမီးလှကျေးရွာကို သယ်ယူနေစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့ဖြစ်စဉ်အတွင်း လက်နက်ကြီးအစတွေမှန်ပြီး ဦးခေါင်းမှာ ဒဏ်ရာရသွားတဲ့ အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးဟာ မနေ့က သေဆုံးသွားပါတယ်။

စစ်တွေပြည်သူ့ဆေးရုံကြီးကနေ ရန်ကုန်ကို အရေးပေါ်ကုသဖို့အတွက် မနေ့က ညနေ ၅ နာရီကျော်လောက်မှာ မော်တော်ကားနဲ့ သွားရောက်စဉ် ကျောက်တော်မြို့နယ်အရောက်မှာ ကွယ်လွန်သွားတာလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့က သမီးလှကျေးရွာအနီးမှာ တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ ကျေးရွာအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ရာမှာ မောင်နိုင်စိုးအပါအဝင် လူ ၃ ဦးမှာ ကျည်ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်တယ်လို့ ကျေးရွာသားတွေကပြောပါတယ်။

ကျေးရွာအတွင်းကို အဲဒီလို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကို တပ်မတော်က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ကျေးရွာသားတွေက ပြောဆိုထားပါတယ်။

ဦးခေါင်းမှာ ပြင်းထန်ဒဏ်ရာရရှိသွားတဲ့ မောင်နိုင်စိုးဟာ စစ်တွေပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်ဆေးကုသမှုခံယူခဲ့ပြီးနောက် အခြေအနေ တိုးတက်မလာတဲ့အတွက် ရန်ကုန်ကို ပို့ဆောင်ခဲ့ရာမှာ လမ်းခရီးမှာ သေဆုံးသွားတာဖြစ်ပါတယ်။

တပ်မတော်နဲ့အစိုးရ တာဝန်ရှိသူတွေဘက်ကတော့ အခုလို ကလေးငယ်တစ်ဦး ကွယ်လွန်ခဲ့ရတာနဲ့ပတ်သက်လို့  တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုကြခြင်း မရှိသေးပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။