သမီးလှရွာခံ ၃ဦး ရိုက်နှက်ခံရတယ်လို့ ပြော


2019.01.28
thameehla-villagers-622.jpg ရိုက်နှက်ခံရတဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က သမီးလှရွာသားတွေကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှာ ဇန်နဝါရီလ ၂၆ ရက်နေ့က တပ်မတော်သားတွေရဲ့ ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံ ၃ ဦးဟာ ရသေ့တောင် ပြည်သူ့ဆေးရုံမှာ မနေ့က ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

ဇန်နဝါရီ ၂၆ ရက်နေ့က သမီးလှကျေးရွာအနီးမှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အဲဒီနေ့ကဖြစ်စဉ်အတွင်း လက်နက်တွေကိုင်ဆောင်ထားတဲ့ တပ်မတော်သားတွေက ကျေးရွာအတွင်းကို ဝင်ရောက်လာပြီး ရွာထဲမှာရှိတဲ့ အမျိုးသား ၄ ဦးကို ဆွဲခေါ်ပြီး အဲဒီအထဲက ၃ ဦးကို သေနတ်ဒင်တွေနဲ့ ရိုက်နှက်၊ ကန်ကျောက်ခဲ့တာဖြစ်တယ်လို့ ရိုက်နှက်ခံရလို့ ဦးခေါင်းမှာ ဒဏ်ရာရသွားတဲ့ ဦးမောင်ဝင်းလှိုင်က ပြောပါတယ်။

သူတို့ကို မနက် ၉ နာရီလောက်ကနေ ညနေ ၄ နာရီလောက်အထိ ကျေးရွာစာသင်ကျောင်းမှာ ကြိုးနဲ့တုပ်နှောင် ထိန်းသိမ်းထားပြီး AA နဲ့ ပတ်သက်ပြီး သိရှိခြင်း ရှိ၊ မရှိ မေးမြန်းပြီးနောက် ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

ဦးခေါင်းမှာ ဒဏ်ရာရသွားတဲ့ ဦးမောင်ဝင်းလှိုင် အပါအဝင် အမျိုးသား ၃ ဦးဟာ မနေ့က ရသေ့တောင် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူပြီးနောက် ဒဏ်ရာတွေ သက်သာသွားလို့ ဒီနေ့ ရွာပြန်တော့မယ်လို့လည်း ဦးမောင်ဝင်းလှိုင် က ပြောပါတယ်။

အဲဒီနေ့က ပစ်ခတ်မှုတွေကြောင့် သမီးလှကျေးရွာအတွင်း လက်နက်ကြီးတွေနဲ့ ကျည်တွေ ကျရောက်ခဲ့တာကြောင့် ကလေးတစ်ဦးအပါအဝင် ဒေသခံ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် တပ်မတော်က ကျေးရွာအတွင်းကို ဝင်ရောက်ရှင်းလင်းရာမှာ နေအိမ်တွေမှာရှိတဲ့ ရွှေငွေတွေကို ယူဆောင်သွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ သမီးလှကျေးရွာအတွင်း ရဲကသာ ဝင်ရောက်ရှင်းလင်းခဲ့တာဖြစ်ပြီး ဖမ်းဆီးစစ်ဆေးတာ၊ ငွေကြေးယူဆောင်တာတွေ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ဒီနေ့မနက်ကလည်း ရသေ့တောင်မြို့နယ် အုန်းချောင်းကျေးရွာအနီးမှာ AA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့တော့ အသေးစိတ်မသိရသေးပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။