သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ဖို့ ဥပဒေတွေ ရေးဆွဲနေ


2016.12.14
aungsoe-620.jpg ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြည်သူ့လွှတ်တော်မှာ မေးခွန်းများကို ပြန်လည်ဖြေကြားနေစဉ်
.

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ထိရောက်တဲ့ပြစ်ဒဏ်တွေချမှတ်နိုင်ဖို့အတွက် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေတို့ကို ရေးဆွဲနေကြောင်း ပြည် ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မြန်မာနိုင်ငံအတွင်း သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက် ပြီး ပြစ်မှုကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ပေးဖို့နဲ့ ပညာပေးအစီအစဉ်တွေ ဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိ မရှိ မေးမြန်းရာမှာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

"သက်ငယ်မုဒိမ်းမှုများနဲ့ ပတ်သက်ပြီး ထိရောက်သောအပြစ်ဒဏ် ချမှတ်နိုင်ရေးအတွက်ကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၁၉၉၉ ခုနှစ် ကလေးသူငယ်ဥပဒေကို ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနဲ့အညီ မြန်မာနိုင်ငံအပေါ် အကြံပြုချက်များနဲ့အညီ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအဖြစ် ပြန်လည်ရေးဆွဲဆောင်ရွက်လျှက်ရှိသည့်အပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တားဆီးရေး ဥပဒေကိုလည်း အသစ်ရေးဆွဲဆောင်ရွက်လျှက်ရှိပါသည်"

သက်ငယ်မုဒိမ်းမှုတွေကို ဖော်ထုတ်ဖမ်းဆီးမှုအားနည်းတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း တည်ဆဲစည်းမျဉ်းစည်းကမ်းတွေ နဲ့အညီ အရေးယူနေကြောင်း၊၂၀၁၆ ခုနှစ် နိုဝင်ဘာလအထိ သက်ငယ်မုဒိမ်းမှု အမှုပေါင်း ငါးရာကျော်ကို ဖော်ထုတ် ပြီး တရားစွဲဆိုအရေးယူထားကြောင်းနဲ့ တရားခံ နှစ်ရာကျော်ကိုလည်း ထောင်ဒဏ်ချမှတ်နိုင်ခဲ့ကြောင်း ဗိုလ် ချုပ်အောင်စိုး က ပြောခဲ့ပါတယ်။

သက်ငယ်မုဒိမ်းမှုှုတွေမှာ ကျူးလွန်သူတွေဟာ ဆွေမျိုးသားချင်းတွေလည်း ပါဝင်နေကြောင်းနဲ့ ပြစ်မှုကျူးလွန်သူတွေ ကိုလည်း ရာဇဝတ်ကျင့်ထုံးဥပဒေအပြင် အထူးသီးသန့်ဥပဒေပြဌာန်းပြီး အရေးယူဖို့လိုအပ်ကြောင်း ဒေါ်ခင်စန်းလှိုင် က တင်ပြခဲ့ပါတယ်။

တိုင်းနဲ့ပြည်နယ်တော်တော်များများမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပေါ် အဓမ္မပြုကျင့်မှုတွေ သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတဲ့အတွက် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့အထိ ဆန္ဒပြတောင်း ဆိုမှုတွေရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။