ကလေးအိမ်ဖော်ကို နှိပ်စက်ညှဉ်းပန်းသူ ဖမ်းဆီးအရေးယူခံရ

အသက် ၁၁ နှစ်အရွယ် မိန်းကလေး ငယ်တဦးကို ကလေးအလုပ်သမား အိမ်စေအဖြစ် ခိုင်းစေရာမှာ အမျိုးမျိုး နှိပ်စက် ညှဉ်းပန်းတဲ့အတွက် အိမ်ရှင် ဖြစ်သူကို ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းက ဖမ်းဆီးထားတယ်လို့ စုံစမ်း သိရှိရပါတယ်။

2011.09.11
child-abuse-305 အိမ်စေအဖြစ် အလုပ်လုပ်ကိုင်နေစဉ် အိမ်ရှင်ဖြစ်သူက မျက်နှာနှင့် လက်မောင်းကို ဒယ်အိုးပူနှင့်ကပ်ပြီး နှိပ်စက်ညှဉ်းပန်းခံထားရသည့် အသက် ၁၁ နှစ်အရွယ် ကလေးအလုပ်သမား မသိင်္ဂီဆွေ။
RFA

ပန်းတနော်မြို့နယ် ကုလားစုကျေးရွာနေ ဦးလှသန်းရဲ့ သမီး၊ အသက် ၁၁ နှစ်အရွယ် မသိင်္ဂီဆွေဟာ၊ မိဘတွေ ဆင်းရဲနွမ်းပါးတဲ့အတွက် လွန်ခဲ့တဲ့ ၂ လကျော်လောက်က စပြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၁၂၆) လမ်းနေ ဒေါ်နီနီလှိုင်ရဲ့ နေအိမ်မှာ အိမ်ဖော်အဖြစ် လုပ်ကိုင်ခဲ့ရာမှာ နေ့စဉ်နေ့တိုင်း အရွယ်နဲ့မမျှအောင် အလုပ် ခိုင်းစေခံရတဲ့အပြင် ကြိမ်လုံး၊ သံပိုက်လုံး စတာတွေနဲ့ ရိုက်နှက်တာလည်း ခံရတယ်လို့ ဆိုပါတယ်။ သူ နှိပ်စက်ခံရပုံကို မသိင်္ဂီဆွေက အခုလို ပြောပြပါတယ်။

“ကြိမ်လုံးနဲ့ ရိုက်ရင် ကြိမ်လုံးက ခဏခဏ ကြေသွားတယ်၊ ဝယ်ရတာ ပိုက်ဆံလည်း ကုန်တယ်တဲ့။ အဲဒီတော့ သူ့အိမ်မှာရှိတဲ သံလုံးနဲ့ ခေါင်းကို ခေါက်တယ်။ ခြေထောက်တွေ၊ ကျောကုန်းတွေကိုလည်း ရိုက်တယ်။ ဘာအပြစ်မှ မရှိလည်း စိတ်မထင်ရင် အဲဒီလိုပဲ ရိုက်တယ်”

အခု လဆန်းပိုင်းကတော့ မသိင်္ဂီဆွေကို ခိုင်းစေရင်းကနေ အလိုမကျတဲ့အတွက် ဓာတ်ငွေ့မီးဖိုပေါ်ကနေ ချထားတဲ့ ဒယ်အိုးပူနဲ့ မျက်နှာနဲ့လက်မောင်းကို ကပ်ပြီး အပြစ်ပေးခဲ့တယ်လို့ မသိင်္ဂီဆွေက ပြောပြပါတယ်။

သမီးထံ အလည်လာတဲ့ ဖခင်ဖြစ်သူ ဦးလှသန်းနဲ့ အမှိုက်ပစ်ရင်း တွေ့ဆုံရာမှာ အကျိုးအကြောင်း ပြောပြတဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး အကူအညီနဲ့ ရဲစခန်းကို တိုင်ကြားရာမှာ တိုင်ချက်အမှတ်- ၅၂၅/၂ဝ၁၁ အရ ပုဒ်မ (၃၂၆) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

RFA က လက်ခံရရှိတဲ့ ဓာတ်ပုံတွေအရ မသိင်္ဂီဆွေဟာ ညာဘက် ပါးပြင်နဲ့ ညာဘက်လက်မောင်းမှာ မီးလောင်ဖု ဒဏ်ရာတွေ ရှိနေတဲ့အပြင် ခြေတွေလက်တွေမှာလည်း ဒဏ်ရာဒဏ်ချက်တွေ ရှိနေတာကို တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-09-12 15:41

လူလူချင်း စာနာသင့်တာပေါ့..............

Anonymous
2011-09-11 13:34

ဒီလို ရက်စက်တဲ့လူတွေကို တရားဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူဘို့ လို့ တောင်းဆိုပါတယ်

Anonymous
2011-09-11 20:39

ပြင်းထန်စွာ အပြစ်ပေးရန်