တောင်ကုတ်က CDM ကျောင်းဆရာမ တစ်ဦး ထောင် ၁၀ နှစ် ချမှတ်ခံရ

2022.04.29
တောင်ကုတ်က CDM ကျောင်းဆရာမ တစ်ဦး ထောင် ၁၀ နှစ် ချမှတ်ခံရ ရခိုင်ပြည်နယ် တောင်ကုတ်မြို့က CDM ကျောင်းဆရာမ ဒေါ်ချယ်ရီသက်ရှည်ကို တွေ့ရစဥ်
Photo: CJ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာနေထိုင်တဲ့ CDM အထက်တန်းပြ ကျောင်းဆရာမ ဒေါ်ချယ်ရီသက်ရှည်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဧပြီလ ၂၈ ရက် မနေ့က သံတွဲခရိုင် တရားရုံးကနေ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀ (ည) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခံလိုက်ရတယ်လို့ သူ့ရဲ့ မိတ်ဆွေတစ်ဦးက RFA ကို ပြောပါတယ်။

PDF တပ်ဖွဲ့ဝင်တစ်ဦးကို ငွေကျပ် တစ်သောင်း ထောက်ပံ့တယ်ဆိုပြီး အခုလို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သူ့ရဲ့ မိတ်ဆွေက ပြောပါတယ်။

“သူ့ကို အကြမ်းဖက်ဥပဒေနဲ့ ထောင်ဒဏ် ၁၀ နှစ် ချလိုက်တာ။ ကျမတို့ ကြားတာ ကတော့ သူက CDM လုပ်တယ်။ PDF ကို ငွေတစ်သောင်းထောက်ပံ့တယ်။ အဲဒါ ကြောင့်လို့ ကြားတယ်။ တောင်ကုတ်မှာ သူ့ရဲ့ နေအိမ်ကပဲ ဖမ်းဆီးခံလိုက်ရတာပါ။ သူက အိမ်မှာ ကလေးတွေကို စာသင်နေတဲ့ ဆရာမတစ်ယောက်ပါ”

ဒေါ်ချယ်ရီသက်ရှည်ဟာ တောင်ကုတ်မြို့ အထက (၂) ကျောင်းမှာ တာဝန်ကျနေတာ ဖြစ်ပြီး စစ်အာဏာ သိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေရာ ကနေ တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်မှာရှိတဲ့ သူ့ရဲ့နေအိမ်ကနေ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတာပါ။

သူ့ရဲ့ မိသားစုတွေဟာလည်း ဒီနေ့အချိန်အထိ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်ချယ်ရီသက်ရှည်ကို သံတွဲအကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး ဒီနေ့ ချမှတ်ခံရတဲ့ တရားရုံးအမိန့်နဲ့ ပတ်သက်လို့ အယူခံတက်၊ မတက်ကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း မြောက်ဦးမြို့က လူငယ်စာရေးဆရာ ကိုမင်းဒီပါကို မြောက်ဦးခရိုင် တရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ်နဲ့ သံတွဲမြို့က အမျိုးသမီးသုံးဦးလည်း ပြီးခဲ့တဲ့ မတ်လက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံထားရပါတယ်။

ရခိုင်ပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတာ အခုဆိုရင် အမျိုးသမီးလေးဦးနဲ့ အမျိုးသားတစ်ဦး၊ စုစုပေါင်း ငါးဦး ရှိသွားပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။