ပုဂံ ဟိုတယ်တွေကို စိစစ်မယ်


2016.05.25
bagan-620.jpg ပုဂံမြို့တစ်နေရာကို တွေ့ရစဉ်
Photo: Myo Zaw Ko/ RFA

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေဧရိယာထဲမှာ ဆောက်လုပ်ထားတဲ့ ဟိုတယ် ၂၅ လုံးကို ဥပဒေနဲ့အညီ စိစစ်ဖို့ အစီအစဉ်ရေးဆွဲနေတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဒီကနေ့ ပြောပါတယ်။

ယဉ်ကျေးမှုဇုန်အတွင်း ကျရောက်နေတဲ့ ဟိုတယ်တွေကို ပြန်လည်စိစစ်ဖို့အတွက် မနေ့က သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကို ဟာ ပုဂံကို သွားရောက် လေ့လာခဲ့တယ်လို့ ရှေးဟောင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးကျော်ဦးလွင် က ပြောပါတယ်။

"ကျနော်တို့ ဥပဒေနဲ့ညီအောင်လုပ်ရမယ်၊ ဒါကြောင့် ကျနော်တို့က အစီအစဉ်တွေဆွဲနေတယ်၊ ရှေ့ဆက် လုပ်ရမယ့်ဟာတွေ ဒါတွေဆွဲပြီးမှလုပ်ရမယ်၊ ကျနော်တို့ဘုရားတွေသွား ကြည့်တယ်၊ ပြုပြင်ထိန်းသိန်းမှုတွေကြည့် တယ်၊ ပုဂံအခြေ အနေလေးတွေ ဝန်ကြီးကိုပြတယ်၊ အဲ့မှာလမ်းဘေးမှာ ရပ်ပြလိုက်သေးတယ်၊ ၄၂ လုံး လို့တော့ပြောနေတယ်၊ အဲ့ဒါ ကိုက မှားနေတာပေါ့နော်၊"

ပုဂံဒေသကို ကုလသမဂ္ဂ UNESCO က အသိအမှတ်ပြုတဲ့ ရှေးဟောင်းအမွေ အနှစ်စာရင်းမှာ ပါလာနိုင်ဖို့ ယဉ်ကျေးမှုဝန်ကြီးဌာန အနေနဲ့ အစီအစဉ်ရေး ဆွဲနေတယ်လို့လည်း ညွှန်ကြားရေးမှူးချူပ် ဦးကျော်ဦးလွင် က ပြောပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲမှာ ဆောက်လုပ်ပြီး ဟိုတယ် ၂၅ လုံးနဲ့၊ အဆောက်အဦး မဆောက်ရသေး တဲ့ မြေကွက် ၁၇ ကွက် ရှိနေပါတယ်။

၁၉၉၀ ခုနှစ်က ပုဂံမြို့ဟောင်းမှာနေထိုင်တဲ့ ဒေသခံအိမ်ထောင်စု ၃ ထောင်နီးပါးကို မြို့ဟောင်းနဲ့ ၄ မိုင်နီးပါးဝေး တဲ့ နေရာကို အစိုးရကရွှေ့ပြောင်းစေခဲ့ပြီး လစ်လပ်သွားတဲ့ မြေနေရာတွေမှာ အဆောက်အဦးတွေနဲ့ ဟိုတယ်တွေ ဆောက်ဖို့ စီးပွားရေး လုပ်ငန်းရှင်တွေကို ချပေးခဲ့တာ ဖြစ်ပါတယ်။

ပုဂံမြို့ ရှေးဟောင်းယဉ်ကျေးမှု ပြတိုက်ထဲမှာထားရှိတဲ့ မြစေတီကျောက်စာကို ကမ္ဘာ့အမွေအနှစ် အဖြစ် UNESCO အဖွဲ့က သတ်မှတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။