ချောင်းဦးမြို့နယ်မှာ တိုက်ပွဲကြောင့် ဒေသခံနှစ်ထောင်နီးပါး ထွက်ပြေး
2022.12.26

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာအနီး စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တွေအကြား ဒီဇင်ဘာလ ၂၅ ရက် မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနီးအနားဝန်းကျင် ကျေးရွာ ခုနစ်ရွာက အရပ်သားနှစ်ထောင်နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆီပန်းကန်၊ ရွှေကူ၊ ငွေသာ၊ ကုန်းသာ၊ အမြင့်၊ နဂါးဘို၊ တောကျောင်းလေး ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။
မနေ့ညနေ ၆ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၈ နာရီမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေ ပျံဝဲခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရဟတ်ယာဉ်တော့ မဟုတ်ဘူး။ တိုက်လေယာဉ်တွေ။ နှစ်နာရီလောက်ကြာတယ် ပတ်နေတာပေါ့။ လေယာဉ်လာ တော့ ပစ်ခတ်တာတွေက နှစ်ဖက်လုံးရပ်သွားတယ်”
တိုက်ပွဲမှာတော့ ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဆိုပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဒီဇင်ဘာ ၃ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ခြောက်သိန်းကျော် (၆၁၆,၅၀၀) အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။