တိုင်းရင်းသား လူမျိုးများစာရင်းကို သန်းခေါင်စာရင်းပြီးမှ ပြင်မည်


2014.02.24
census-305.jpg သန်းခေါင်စာရင်း ကောက်ခံမှု အသိပညာပေး လက်ကမ်း စာစောင်တွေကို တွေ့ရစဉ်
Photo: RFA

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံပြီးမှ လက်ရှိအတည်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် တာတွေ  ဆောင်ရွက်သွားမယ်လို့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က အမျိုးသားလွှတ်တော်မှာ ဒီနေ့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

သန်းခေါင်စာရင်းကောက်ယူပြီးရင် နှစ်အတော်ကြာ အတည်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းကို ပြန်လည်ပြုပြင်ဖို့ ရှိ မရှိ ဒီနေ့ အမျိုးသားလွှတ်တော်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက မေးမြန်းခဲ့လို့ ဒုတိယဝန်ကြီးက ဖြေကြားခဲ့တာပါ။

လက်ရှိ သန်းခေါင်စာရင်းမှာပါတဲ့ တိုင်းရင်းသား လူမျိုးများ စာရင်းဟာ နှစ်အတော်ကြာ မစိစစ်နိုင် တာကြောင့် မှန်ကန်တယ်လို့ တရားသေ မပြောနိုင်ကြောင်းနဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူပြီးရင် ပြင်ဆင်သွားနိုင်မယ်တဲ့အတွက် ဒုတိယဝန်ကြီး ဦးဝင်းမြင့်က အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

"လက်ရှိပြုစုထားတဲ့ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးဟာ နှစ်ပေါင်းများစွာ ပြန်လည်စိစစ်ခြင်းမရှိခြင်း၊ တရားဝင်ပြင်ဆင်၊ ပယ်ဖျက် ထပ်မံအတည်ပြုခြင်း မရှိတဲ့အတွက်ကြောင့် ဒီစာရင်းကို မှန်ကန်သည်ဟု တရားသေ စွဲကိုင်အတည်ပြု ဆောင်ရွက်နေခြင်းလည်း မဟုတ်ကြောင်း၊ မကြာခင်ဆောင်ရွက် မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံခြင်းလုပ်ငန်းစဉ်ဟာ မည်သည့်လူမျိုးစုဟာ မြေပြင်မှာ အမှန်တကယ်ရှိနေသည်၊ မည်သည့်လူမျိုးစုများဟာ ပျောက်ကွယ်သွားသည်၊ မည်သည့် လူမျိုးစုအသစ်များ ထပ်မံတွေ့ရှိသည် စသည်တို့အား သိရှိနိုင်မည်ဖြစ်ပါတယ်၊ ပြန်လည်ပြင်ဆင်၊ အတည်ပြုရန် တွေ့ရှိပါကလည်း စာရင်းကောက်ပြီးအချိန်မှာတော့ ဒုတိယအဆင့် ပါဝင်ပတ်သက်သော အဖွဲ့အစည်းများ စုံလင်စွာပေါင်းစပ်ပြီးတော့မှ ပြန်လည်သုံးသပ်ပြီးတော့မှ ပြင်ဆင်သွားနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်"

သန်းခေါင်စာရင်းမှာပါတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဟာ လွန်ခဲ့တဲ့ ၁၉၈၃ ခုနှစ် မတိုင်ခင်ကတည်းက ကောက်ယူထားတဲ့ စာရင်းဖြစ်ပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ လူမျိုးစု ၈ ခုအပေါ် မူတည်ပြီး ကချင်မျိုးနွယ်စု ၁၂ စု၊ ကယား မျိုးနွယ်စု ၉ စု၊ ကရင်မျိုးနွယ်စု ၁၁ စု၊ ချင်းမျိုးနွယ်စု ၅၃ စု၊ ဗမာမျိုးနွယ်စု ၉ စု၊ မွန်မျိုးနွယ်စု ၁ စု၊ ရခိုင်မျိုးနွယ်စု ၇ စု၊ ရှမ်းမျိုးနွယ်စု ၃၃ စုဆိုပြီး အတည်ပြုထားတာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကို လာမယ့် မတ်လ ၂၉ ရက်နေ့ ညကနေ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူသွားမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။