အာဆီယံ အထူးကိုယ်စားလှယ်နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့ တွေ့ဆုံ

RFA Burmese
2024.01.10
အာဆီယံ အထူးကိုယ်စားလှယ်နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့ တွေ့ဆုံ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Alounkeo Kittikhoun နှင့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့တို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့၊ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ်။
NCAS EAO

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Alounkeo Kittikhoun နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ ဇန်နဝါရီလ ၁၀ ရက် ညနေ ၃ နာရီက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးတဲ့အကြောင်းအရာကိုတော့ အပစ်ရပ်အဖွဲ့တွေဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို RFA အနေနဲ့လည်း အပစ်ရပ်အဖွဲ့တွေကို တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိသေးပါဘူး။

စစ်ကောင်စီဘက်ကလည်း ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အဲဒီဆွေးနွေးပွဲကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ဆယ်ဖွဲ့ရှိတဲ့အနက် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ဒီဆွေးနွေးပွဲမှာ မပါဝင်ခဲ့ပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့အရေးကိုဖြေရှင်းဖို့ အာဆီယံက ၂၀၂၁ ခုနှစ်၊ ဧပြီလကတည်းက ဘုံသဘောတူညီချက် ငါးရပ်ကို ချမှတ်ခဲ့ပါတယ်။

ဒါကို လက်တွေ့အကောင်အထည်ဖော်ဖို့ အလှည့်ကျဥက္ကဋ္ဌနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားတို့ သုံးနှစ်နီးပါး ဦးဆောင်ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

စစ်ကောင်စီကတော့ ဘုံသဘောတူညီချက်တွေ အကောင်အထည်မဖော်တဲ့အတွက် အာဆီယံ ထိပ်သီးအစည်းအဝေးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွေမှာ အဆင့်မြင့်ကိုယ်စားလှယ် တက်ရောက်ခွင့် ပိတ်ပင်ခံထားရပါတယ်။

အာဏာသိမ်းပြီးနောက် ပထမဆုံးခန့်အပ်တဲ့ အာဆီယံအထူးကိုယ်စားလှယ်ကတော့ ၂၀၂၁ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ဖြစ်ပါတယ်။

သူဟာ မြန်မာနိုင်ငံကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ လာရောက်ဖို့ ကြိုးစားခဲ့ပေမယ့် တောင်းဆိုချက်တချို့ကို စစ်ကောင်စီဘက်က မလိုက်လျောတဲ့အတွက် ခရီးစဉ် ဖျက်သိမ်းခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံကတော့ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ကို အထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးခဲ့ပြီး သက်တမ်းတစ်နှစ် အတွင်း မြန်မာနိုင်ငံကို နှစ်ကြိမ် လာရောက်ခဲ့ပါတယ်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် တောင်းခဲ့ပေမယ့် စစ်ကောင်စီက ပယ်ချခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားကတော့ မြန်မာနိုင်ငံကို ကိုယ်စားလှယ် မစေလွှတ်ခဲ့ဘဲ Silence Diplomacy လို့ခေါ်တဲ့ စစ်ကောင်စီနဲ့ တိတ်တဆိတ်ညှိနှိုင်းတဲ့ နည်းလမ်းကိုသာ သုံးခဲ့ပါတယ်။

ဒါပေမဲ့ သက်တမ်းတစ်နှစ်အတွင်း မြန်မာ့အရေးကိုဖြေရှင်းဖို့ သက်ဆိုင်သူတွေနဲ့ ဆွေးနွေးမှုပေါင်း (၂၆၅) ကြိမ် ပြုလုပ်ခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။