ဇန်နဝါရီလအတွင်း CDM ဝင်လာသူ ၂၉ ဦးရှိကြောင်း NUG ထုတ်ပြန်

RFA Burmese
2025.01.13
ဇန်နဝါရီလအတွင်း CDM ဝင်လာသူ ၂၉ ဦးရှိကြောင်း NUG ထုတ်ပြန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည့် လက်နက်နှင့်အတူ ပူးပေါင်းလာသူတစ်ဦး။
Photo: NUG

ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၂၉ ဦး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့ ပူးပေါင်းလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မကွေးတိုင်း ဆောမြို့မရဲစခန်းက တပ်သားခုနစ်ဦးဟာ စစ်လက်နက်ပစ္စည်းတွေနဲ့အတူ CDM လုပ်ခဲ့တာဖြစ်ပြီး မွန်ပြည်နယ် ဘီးလင်းမြို့နယ် လဂွန်းပျိုစခန်းက စစ်‌ကောင်စီတပ်သား ၁၆ ဦးလည်း လက်နက်တွေနဲ့အတူ CDM မှာ ပါဝင်လာတာလို့ ဆိုပါတယ်။

အလားတူ ပခုက္ကူမြို့နယ်က BPI မွေးမြူရေးစခန်းက တပ်သား နှစ်ဦးလည်း CDM လုပ်ခဲ့တဲ့အပြင် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး လက်နက်တွေနဲ့ CDM လုပ်လာတာလို့ပြောထားပါတယ်။

ဒါ့အပြင် အမှတ် ၁၂ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းက သင်တန်းဆင်း နှစ်ဦးလည်း လက်နက်တွေနဲ့အတူ CDM လုပ်လာကြောင်း NUG က ပြောထားပါတယ်။

NUG ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်တပ်အာဏာသိမ်းထားတဲ့ ၂ဝ၂၁ ခုနှစ်ကနေ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်လာသူ (၁၄,၇၆၀) နီးပါး ရှိလာပြီလို့ NUG က ဇန်နဝါရီ ၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ စစ်ရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂ဝ၂၄ ခုနှစ် တစ်နှစ်အတွင်းမှာပဲ ရဲ နဲ့ စစ်သား ၅၆၇ ဦး CDM လှုပ်ရှားမှုမှာပါဝင်လာပြီး ဒုဗိုလ်မှူးကြီး ငါးဦး နဲ့ ဗိုလ်မှူး ၄၂ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။