မတူပီခရိုင်အုပ်ချုပ်ရေးရုံးကို ချင်းဒေသကာကွယ်ရေးအဖွဲ့ သိမ်းပိုက်

RFA Burmese
2024.05.30
မတူပီခရိုင်အုပ်ချုပ်ရေးရုံးကို ချင်းဒေသကာကွယ်ရေးအဖွဲ့ သိမ်းပိုက် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) မတူပီတပ်ဖွဲ့ဝင်များအား ၂ဝ၂၄ ခုနှစ် မေလ ၆ ရက်နေ့က တွေ့ရစဉ်။
Photo: Chinland Defense Force Matupi တပ်မဟာ ၂

ချင်းပြည်နယ် မတူပီမြို့က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အခိုင်အမာတပ်စွဲထားတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးနဲ့ အနီးအနား ကင်းစခန်းတစ်ခုကို မေလ ၃၀ ရက်နေ့ မနက်က သိမ်းယူခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) မတူပီက ထုတ်ပြန်ထားပါတယ်။

မတူပီ - ဟားခါးလမ်းပေါ်မှာတဲ့ ခရိုင်ရုံးကို မေလ ၃၀ မနက်က CDF-မတူပီ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၂)က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။

နေ့လယ်မှာတော့ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ခရိုင်ရုံးအပြင် အနီးအနားက ကင်းစခန်းတစ်ခုကိုလည်း သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ CDF-မတူပီအဖွဲ့က တပ်သားတစ်ယောက် ဒဏ်ရာရခဲ့ပြီး တိုက်ပွဲတွေ ဆက်ရှိနေမှာဖြစ်တဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အသိပေးထားပါတယ်။

ခရိုင်ရုံးနဲ့ ကင်းစခန်းသိမ်းခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မတူပီမြို့နယ် ရေဇွာမြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ CDF - Zotung နဲ့ ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းယူထားသလို လိုင်လင်းပီမြို့ကို နိုဝင်ဘာ ၂၄ ရက်နေ့မှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းယူခဲ့ပါတယ်။

ချင်းပြည်နယ်မှာ ထန်တလန်မြို့နယ်က နှာရိန်၊ ဟားခါးမြို့နယ်က ဆူခွာ၊ ဖလမ်းမြို့နယ်က ဝေဘူလ၊ ရိဒ်ခေါဒါရ်နဲ့ မင်းတပ်မြို့နယ်က မကွီးအိမ်နူး၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ စတဲ့မြို့တွေကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပါတယ်။ တီးတိန်မြို့ကို သိမ်းပိုက်နိုင်ဖို့ မေလ ၂၇ ရက်နေ့ကစပြီး ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။