ကမ္ဘောဒီးယား ရွေးကောက်ပွဲစောင့်ကြည့်ရေး ဖိတ်ကြားချက် မြန်မာ ငြင်းဆို


2018.06.28
uec-meet-72partys-622.jpg ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီ (၇၂) ပါတီတို့ ၂ဝ၁၈ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံကြစဉ်
Photo: MOI Webportal Myanmar

ကမ္ဘောဒီးယားနိုင်ငံမှာ လာမယ့် ဇူလိုင်လ ၂၉ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ဖို့ဖိတ်ကြားချက်ကို မြန်မာဘက်က ငြင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအပါအဝင် နှစ်ဦးကို လာရောက်စောင့်ကြည့် လေ့လာဖို့ ကမ္ဘောဒီးယား ရွေးကောက်ပွဲကော်မရှင်ရဲ့ ဖိတ်ကြားချက်ကို မလာရောက်နိုင်ကြောင်း မြန်မာနိုင်ငံ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က အကြောင်းပြန်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ရှိတာကို အကြောင်းပြပြီး ငြင်းဆိုလိုက်တာဖြစ် တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြင်ပဆက်ဆံရေးဌာနက အမည်မဖော်လို့တဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

“ဖိတ်လာတာကတော့ ဟိုဘက်က လမ်းကြောင်းနှစ်ခုနဲ့ဖိတ်တယ်။ ကမ္ဘောဒီးယားရွေးကောက်ပွဲ ကော်မရှင် ကလည်း တိုက်ရိုက်ဖိတ်တယ်။ အဲဒီကမ္ဘောဒီးယား ရွေးကောက်ပွဲကော်မရှင်က ဖိတ်တဲ့စာကိုလည်းပဲ မြန်မာနိုင်ငံက ကမ္ဘောဒီးယားသံရုံးကလည်း အီးမေးလ်ပို့ပြီးဖိတ်တယ်။ ဒါပေမဲ့ မတက်ရောက်နိုင်ပါဘူးလို့တော့ အကြောင်းပြန်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြားဖြတ်ရွေးကောက်ပွဲရှိတော့လေ။ အလုပ်တွေက ရုံးမှာများတော့ လူမလွှတ်ပေးနိုင်ဘူး။ အဲဒီတော့ ကြားဖြတ်ရွေးကောက်ပွဲရှိလို့ အလုပ်များလို့ မသွားနိုင်တာ ဆိုပြီးတော့ အကြောင်းပြန်ထားတယ်”

ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲစောင့်ကြည်လေ့လာဖို့  ၄ ညအိပ် ၅ ရက် ခရီးအတွက် ဖိတ်ကြားစာကို ပေးပို့ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဘက်ကလည်း မလာရောက်နိုင်ကြောင်း အကြောင်းပြန်ကြားလိုက် တာဖြစ်ပါတယ်။

ကမ္ဘောဒီးယား ရွေးကောက်ပွဲ ကော်မရှင်ကတော့ အထွေထွေရွေးကောက်ပွဲကို မြန်မာ၊ တရုတ်နဲ့ စင်္ကာပူ အပါအဝင် နိုင်ငံတကာလေ့လာစောင့်ကြည့်သူ ငါးသောင်းကို တက်ရောက်မှာဖြစ်ကြောင်း ပြောထားပါတယ်။

မြန်မာပြည်တွင်းက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဓိကအဖွဲ့တွေဖြစ်တဲ့ PACE၊ ဖန်တီးအိမ်နဲ့ ဒါန-ရှေ့ဆောင်မြန်မာ အဖွဲ့တွေကတော့ ဖိတ်ကြားခံရမှု မရှိဘူးလို့ RFA ကို ပြောပါတယ်။

ကမ္ဘောဒီးယားအစိုးရက အတိုက်အခံ CNRP ပါတီကို ရွေးကောက်ပွဲ ဝင်ခွင့်ပိတ်ပင်ထားသလို လွတ်လပ်တဲ့ သတင်းမီဒီယာတွေကိုပါ ဖိနှိပ်ထားတာကြောင့် လွတ်လပ်မျှတမှုမရှိနိုင်တဲ့ ဇူလိုင်လ ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်လေ့လာသူတွေ မလာရောက်ဖို့ ကမ္ဘောဒီးယား အခြေစိုက် ရွေးကောက်ပွဲ စောင့်ကြည့်လေ့ လာရေးအဖွဲ့တွေက တိုက်တွန်းထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။