ဘူးသီးတောင် အခြေအနေတွေကို စိုးရိမ်ကြောင်း NUG ပြော
2024.05.21

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ များစွာစိုးရိမ်ပူပန်မိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မေလ ၂၁ ရက် ဒီနေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။
ဘူးသီးတောင်မြို့နယ်ထဲမှာ စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ဒေသခံရခိုင်လူမျိုးတွေနဲ့ ဟိန္ဒူပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာ၊ လေကြောင်း၊ လက်နက်ကြီးတို့နဲ့ တိုက်ခိုက်တာ၊ ရိုဟင်ဂျာတွေ အပါအဝင် ဒေသခံပြည်သူတွေကို ဖိအားပေးပြောင်းရွှေ့စေတာ၊ အများပြည်သူပိုင် အဆောက်အအုံတွေ ဖျက်ဆီးခံရတာနဲ့ ရွာတွေမီးရှို့ခံရမှုတွေနဲ့ ပတ်သက်ပြီး များစွာစိုးရိမ်တယ်လို့ NUG က ပြောပါတယ်။
ဒါ့အပြင် အရေအတွက် အတိအကျအတည်မပြုနိုင်တဲ့ ပြည်သူတွေ သတ်ဖြတ်ခံရတာနဲ့ ဒဏ်ရာရရှိတယ်လို့ စွပ်စွဲပြောဆိုမှုတွေ ရှိနေတာကလည်း စိတ်ပူစရာအခြေအနေလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ဒါကြောင့် NUG အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဆိုးရွားတဲ့အခြေအနေတွေ ဆက်လက်ဖြစ်ပွားနေမှာကို အထူးစိုးရိမ်ပူပန်တယ်လို့ ဆိုပါတယ်။
အရပ်သားပြည်သူတွေနဲ့ ပြည်သူပိုင်ပစ္စည်းတွေ တိုက်ခိုက်ဖျက်ဆီးနေမှုကို ရပ်တန့်ဖို့တောင်းဆိုနေကြတဲ့ အခြားအဖွဲ့အစည်းတွေနဲ့ အတူတကွရပ်တည်သလို အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ နယ်စပ်ဖြတ်ကျော် အကူအညီတွေအပါအဝင် လူသားချင်းစာနမှုအကူအညီတွေကို လူမျိုးဘာသာမရွေး အချိန်မဆိုင်းဘဲ ရနိုင်ရေးကိုလည်း တောင်းဆိုကြောင်း NUG က ပြောပါတယ်။
နိုင်ငံတကာသတ်မှတ်ချက်၊ လူ့အခွင့်အရေးဆိုင်ရာ စောင့်ထိန်းရမဲ့ စည်းမျဉ်းတွေနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်ဥပဒေတွေကို NUG က လေးစားလိုက်နာသလို မြန်မာနိုင်ငံရဲ့ ဘယ်အဖွဲ့အစည်းမဆို ဥပဒေနဲ့ အညီလုပ်ဆောင်ဖို့လည်း မျှော်လင့်တယ်လို့ ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီကတော့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဒီနေ့ဆက်သွယ်ခဲ့ရာမှာလည်း ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ဘူးသီးတောင်မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရက္ခိုင့်တပ်တော် (AA) ကတော့ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်က သင်တန်းပေးထားသူတွေ ပူးပေါင်းပြီး နေအိမ်တွေကို မီးရှို့တာတွေလုပ်ခဲ့သလို ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်း ပေါ်ပေါက်လာစေဖို့ ရည်ရွယ်လုပ်ဆောင်နေတယ်လို့ မေလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က်၊ လူ့အခွင့်အရေးဆိုင်ရာ အရှေ့တောင်အာရှ ပါလီမန် အမတ်များအဖွဲ့ (APHR) အပါအဝင် နိုင်ငံတကာအဖွဲ့ကအစည်းတချို့က ထုတ်ဖော်ပြောဆိုထားပါတယ်။