ဘုတလင်မြို့မှာ လက်နက်ကြီးကြောင့် အရပ်သား တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

RFA Burmese
2023.07.18
ဘုတလင်မြို့မှာ လက်နက်ကြီးကြောင့် အရပ်သား တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ ဘုတလင်မြို့ အဝင်ဝတစ်နေရာကို တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ ဗန္ဓုလရပ်ကွက်က နေအိမ်တစ်ခုပေါ်ကို ဇူလိုင်လ ၁၇ ရက်မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး မိသားစုဝင် ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဘုတလင်မြို့ခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၇၈ နှစ်အရွယ် ဒေါ်ဗြူးမဖြစ်ပြီး ဒေါ်ဗြူးမရဲ့ မိခင်၊ သမီးဖြစ်သူနဲ့ မြေးသုံးဦးတို့ ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘုတင်လင်မြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

“နေအိမ်ထဲ လက်နက်ကြီးကျတာပါ။ လက်နက်ကြီးက ဘာအမျိုးအစားဖြစ်တယ် ဆိုတာတော့ မသိရဘူး။ သေသွားတဲ့ အမျိုးသမီးရဲ့ နာရေးကိုတော့ စစ်တပ်က လုပ်ပေးသွားတယ်။ ရုပ်အလောင်းက မနေ့ကပဲ သင်္ဂြိုဟ်လိုက်ပါတယ်”

နေအိမ်ထဲကျခဲ့တဲ့ လက်နက်ကြီးကျည်ဟာ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တာလို့ ဒေသခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီဘက်ကတော့ ဇူလိုင်လ ၁၇ ရက်မနေ့တုန်းက ဘုတလင်မြို့ ခုံမင်းကြီးရပ်ကွက်က အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မှာ သစ်ပင်စိုက်ပျိုးပွဲလုပ်ပြီး မြို့ထဲကိုပြန်လာချိန် PDF တပ်ဖွဲ့တွေဘက်က လက်လုပ်စိန်ပြောင်းတွေနဲ့ ပစ်ခတ်ခဲ့လို့ ဌာနဆိုင်ရာဝန်ထမ်း၊ ဒေသခံနဲ့ ကျောင်းသား၊ ကျောင်းသူတွေအနက် တစ်ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒီနေ့ထုတ် စစ်ကောင်စီရဲ့ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အဲဒီကိစ္စမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ အရပ်သားသေဆုံးသူ ၃၈၀၀ ဦးအထိရှိလာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။