ဘုတလင်မြို့ အောင်သာရွာမှာ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၃၀ ကျော် မီးရှို့ခံရ

2022.09.19
ဘုတလင်မြို့ အောင်သာရွာမှာ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၃၀ ကျော် မီးရှို့ခံရ ဘုတလင်မြို့နယ် အောင်သာရွာ မီးရှို့ဖျက်ဆီးခံထားရသည်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - ဘုတလင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အောင်သာရွာကို စက်တင်ဘာလ ၁၈ ရက် မနေ့က စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်ခဲ့ပြီး ဘုန်းကြီးဝန်းထဲက အဆောက်အအုံတွေနဲ့ တွင်ခုံပစ္စည်းတွေ အပါအဝင် နေအိမ် ၃၀ ကျော် မီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာထဲမှာ ကာကွယ်ရေးအဖွဲ့စခန်း ရှိတယ်ဆိုတဲ့သတင်းကြောင့် ဘုတလင်မြို့ကနေ ထွက်လာတဲ့ တပ်မ (၃၃) က စစ်ကောင်စီတပ်သား အင်အား ၅၀ နီးပါး ဝင်ရောက် လာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်သားတွေ ရောက်လာတော့ ဒေသခံတွေလည်းရှောင်ကြတယ်။ အသတ်ခံရတာတော့ မရှိဘူး။ တစ်ယောက်တော့ ဖမ်းခံရတယ်။ သူတို့နဲ့ပါသွားတယ်။ ဘုန်းကြီးကျောင်းထဲက ပစ္စည်းတွေ မီးရှို့တယ်၊ ရွာကိုရှို့တယ်။ ဆိုင်ကယ်တွေကို ရှို့တယ်။ ကျောင်းထဲက နှစ်ထပ် ကျောင်းဆောင်ကြီးလည်း မီးရှို့သွားတယ်။ ညနေပိုင်းမှာ ပြန်ထွက်သွား ကြတယ်”

အဲဒီ စစ်ကောင်စီ တပ်သားတွေ ရွာကအထွက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နာရီဝက်ကြာ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ပဲပြစ်တောရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ခဲ့ပြီး ကာကွယ်ရေးအဖွဲ့တွေနဲ တိုက်ပွဲဖြစ်ခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့၀င် ခြောက်ဦးသေဆုံးခဲ့တယ်လို့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။