ရခိုင်ပြည်နယ်အတွက် လုပ်ငန်းရှင်တွေ ကျပ်သန်းပေါင်း ၁၇၀၀၀ နီးပါးလှူဒါန်း
2017.10.20

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် လူသားချင်း စာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းကော်မတီ ကို ပြည်တွင်းက ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေက ဒီကနေ့ ကျပ်သန်းပေါင်း ၁၆၇၀၀ လှူဒါန်းလိုက်ပါတယ်။
နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ဒီကနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ် အတွက် လူသားချင်စာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD အတွက် အလှူငွေပေးအပ်ပွဲမှာ အဲဒီလို လှူဒါန်းလိုက်တာပါ။
ကမ္ဘောဇဘဏ် ဥက္ကဌ ဦးအောင်ကိုဝင်း၊ Max မြန်မာ ဦးဇော်ဇော်၊ Aisa World က ဦးထွန်းမြင့်နိုင်၊ ဦးမောင်ဝိတ်၊ IBTC ကုမ္ပဏီက ဦးအောင်မိုးကျော်၊ ဧဒင်ဦးချစ်ခိုင်၊ ဇေကမ္ဘာဦးခင်ရွှေစတဲ့ စီးပွားရေးလုပ်ငန်းရှင် ၃၀ ကျော်က လှူဒါန်းတာဖြစ်ပါတယ်။
ဒီကနေ့ အလှူငွေ လက်ခံပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ ရခိုင်ပြည်နယ်ကို ဒေသအလိုက် တာဝန်ယူပြီး အကူအညီပေးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။