ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးအုပ်စု ဆက်တိုက်မီးရှို့ခံနေရ
2023.06.25

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးအုပ်စုထဲကရွာတွေကို စစ်ကောင်စီတပ် က ဆက်တိုက် မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဇွန်လ ၂၄ ရက်မှာ ရွှေအင်းလေးနဲ့သိမ်တော်ရွာကို မီးရှို့ခဲ့သလို ဇွန်လ ၂၅ ရက် မနက်မှာလည်း သိမ်တော်နဲ့မြင်းတောရွာကို မီးရှို့နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။
"ဒီနေ့လည်း မီးရှို့တာတော်တော်များတယ်။ နေရာတော်တော်များများပါပဲ။ ပျက်စီးမှုကတော့ မသိရသေးဘူးဗျ။ စစ်ကောင်စီတပ်တွေကတော့ အဲဒီရွာတွေမှာ ရှိနေတုန်းပဲ"
ညောင်ပင်ကြီးအုပ်စုထဲကရွာတွေကို မီးရှို့နေတာ ၁၄ ရက်အထိရှိလာပြီး ညောင်ပင်ကြီး အုပ်စုထဲမှာရှိတဲ့ ရွာခြောက်ရွာက နေအိမ်ခုနစ်ရာနီးပါး မီးလောင်ပျက်စီးခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။
လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဆားလင်းကြီးမြို့နယ်ထဲက PDF တပ်ဖွဲ့ခေါင်းဆောင် တစ်ဦးကလည်း စစ်ကောင်စီတပ်တွေက ရွာအပြင်ဘက်မှာ ကင်းပုန်းချထားပြီးမှ ရွာထဲကနေအိမ်တွေကို မီးရှို့တာလို့ RFA ကိုပြောပါတယ်။
ဇွန်လ ၉ ရက်နေ့က စစ်ကောင်စီရဲ့ ညောင်ပင်ကြီးရဲစခန်း စီးနင်းခံရပြီးနောက် စစ်ကြောင်းဆက်တိုက်ထိုးနေတာကြောင့် ဒေသခံသုံးထောင်နီးပါး ဘေးလွတ်ရာ ထွက်ပြေးနေရပြီး ဒီနေ့အထိ မပြန်နိုင်ကြသေးဘူးလို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးသူတွေက ပြောပါတယ်။
ဒီအခြေအနေအပေါ် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှမီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ငြင်းဆိုထားဖူးပါတယ်။