ဝက်လက်မြို့နယ် စခန်းသာရွာ မီးရှို့ခံရ

RFA Burmese
2023.09.05
ဝက်လက်မြို့နယ် စခန်းသာရွာ မီးရှို့ခံရ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများ ပြုလုပ်နေသောကြောင့် ထွက်ပြေးနေကြရသူများအား ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်။
ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၅ ရက် နေ့လယ်ပိုင်းမှာ စခန်းသာရွာကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဝက်လက်မြို့နယ် လူထုတိုက်ပွဲသပိတ်ဦးဆောင်ကော်မတီဝင် ကိုငြိမ်းချမ်းနိုင်က RFA ကို ပြောပါတယ်။

"မနေ့ ညနေ ၆ နာရီလောက်က စစ်ကြောင်းစဝင်တယ်။ ဒီနေ့ ၁၂ နာရီဝန်းကျင်က ချပ်ပြဲရွာ (စခန်းသာရွာ) ကို သူတို့ စမီးရှို့တယ်။ အခုထိ မထွက်သေးဘူး၊ ရွာထဲမှာ ရှိသေးတယ်"

စစ်ကောင်စီတပ်ဟာ နေအိမ်တစ်ရာဝန်းကျင်ရှိတဲ့ စခန်းသာရွာမှာ ညနေ ၃ နာရီ ဝန်းကျင်အထိ ရှိနေသေးတာကြောင့် မီးလောင်ဆုံးရှုံးမှုအခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ အင်အားရှစ်ဆယ်ခန့်ပါတဲ့ ခြေမြန်တပ်ရင်း ခမရ (၁၂) ဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့ကတည်းက ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းမှာရှိတဲ့ ထုံးဘိုကုန်း၊ ရှားကွဲ၊ ချောင်းမီးတိုနဲ့ မင်းကန်ရွာတွေဘက် စစ်ကြောင်းထိုးနေတာလို့ ပြောပါတယ်။

ဝက်လက်မြို့နယ် မြောက်ခြမ်းမှာလည်း စင်းတဝဲရွာအနီးမှာလည်း စစ်ကြောင်းတစ်ခု ရောက်နေပြီး စင်းတဝဲ၊ ဖွတ်လှိုင်း၊ ရင်းမာကန်၊ ဘူတာ၊ ပုဆိုးခြုံ စတဲ့ရွာတွေကတော့ မနေ့ကတည်းက ထွက်ပြေးနေကြရတာပါ။

ဝက်လက်မြို့နယ်အတွင်း ရထားလမ်းဖြတ်သန်းရာ ပေါက်ကန်ရွာ၊ သုံးဆင့်ကန်ရွာ၊ ကျီးပင်ကန်ရွာတို့မှာလည်း စစ်ကြောင်းတစ်ခုစီရှိနေသလို ဝက်လက်မြို့ထဲမှာကိုလည်း စစ်ကြောင်းတစ်ခု ဝင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းတွေ ဆက်တိုက်ထိုးနေတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းသယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ်ထဲကို ခမရ (၁၂) နဲ့ တပ်မ (၃၃) အပါအဝင် အင်အားခြောက်ရာဝန်းကျင်နဲ့ စစ်ကြောင်း ခြောက်ခုခွဲထိုးနေပြီး ဒါဟာ ရထားလမ်းပိုင်းကို အသုံးပြုနိုင်ဖို့ လုပ်ဆောင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။