တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မဟာမိတ်ဆက်ဆံရေး တည်ဆောက်ဖို့ NUG သမ္မတပြော
2024.06.12
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေး တည်ဆောက်ဖို့ လိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဇွန်လ ၁၁ ရက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
မိတ်ဖက်ဆက်ဆံရေးထက်ကျော်လွန်ပြီး မဟာမိတ်စုဖွဲ့မှုကို ခိုင်မာအောင် တည်ဆောက်ရမယ်လို့ ယာယီသမ္မတက ပြောပါတယ်။
“မဟာမိတ်စုဖွဲ့မှုကို ခိုင်မာကျစ်လစ်အောင် ဆက်လက်တည်ဆောက်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ မဟာမိတ်စုဖွဲ့မှုမှာ အရေးအကြီးဆုံးက ယုံကြည်မှုဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ မဟာမိတ်စုဖွဲ့မှုကို ပိုပြီး ခိုင်မာကျစ်လစ်စွာ တည်ဆောက်နိုင်ဖို့အတွက် အလုပ်နဲ့သက်သေပြပြီး ယုံကြည်မှုတည်ဆောက်ဖို့ အရေးကြီးပါတယ်”
အာမခံချက်ရှိတဲ့ အောင်ပွဲတွေရဖို့ မဟာမိတ်စုဖွဲ့မှုကို ချဲ့ထွင်ရမယ်လို့ သူကပြောပါတယ်။
NUG ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းကလည်း ၂၀၂၄ ခုနှစ်ဟာ အရေးကြီးပြီး ကြီးမားတဲ့အရွေ့တစ်ခုကို လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။
လက်ရှိမှာ NUG ဟာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့၊ K3C ဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့နဲ့ မဟာမိတ်ဖွဲ့ထားပါတယ်။