ဘုတလင်မှာ စစ်ကြောင်းထိုးချိန် လူတစ်ရာခန့် ဖမ်းဆီးခံရ

RFA Burmese
2024.12.26
ဘုတလင်မှာ စစ်ကြောင်းထိုးချိန် လူတစ်ရာခန့် ဖမ်းဆီးခံရ စစ်ကိုင်းတိုင်း ဘုတလင်မြို့ အဝင်တစ်နေရာကို တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက်မှာ စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားတစ်ရာခန့်ကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။

ဖမ်းဆီးခံရသူ အများစုဟာ အမျိုးသမီးတွေဖြစ်ပြီး မုံရွာ-ဘုတလင် ကားလမ်းပေါ်က ခရီးသည်တွေနဲ့ ကျေးရွာစိုက်ခင်းတွေမှာ လုပ်ငန်းခွင်ဝင်နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ မုံရွာ-ဘုတလင် ကားလမ်းတစ်လျှောက်ကို စစ်ကောင်စီတပ်သား အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာချိန် အရပ်သားတွေ ဖမ်းဆီးခံရတာလို့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ဇီးတောလောက်ကနေ ကြက်သွန်စိုက်တဲ့ သူတွေကို အရင်ဆုံး ဖမ်းလာတာ။ ကံသစ်နားရောက်တော့ ဆိုင်ကယ်တွေ၊ လိုင်းကားတွေ အကုန်တားပြီးတော့ ပါလာတဲ့ ဒရိုက်ဘာတွေ၊ စပါယ်ယာတွေ ခရီးသည်တွေကိုရော အကုန်ဖမ်းပြီးတော့ ဓားစာခံလုပ်ပြီး ရှေ့ကသွားခိုင်းတာ။ ဖမ်းသွားတဲ့ ဓားစာခံက များတယ်ဗျ။ အနည်းဆုံးတော့ တစ်ရာလောက်ရှိမယ်ဗျ။ ဘာလို့ဆို ကြက်သွန်စိုက်တဲ့ တစ်ဖွဲ့တစ်ဖွဲ့ဆိုရင် တစ်ခင်းကို အယောက် နှစ်ဆယ်၊ သုံးဆယ် အနည်းဆုံး စိုက်ရတော့ အဲ့နားပတ်လည်ကဟာတွေ တော်တော်ကို ဖမ်းသွားတယ်"

ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ အရပ်သားအများစုဟာ ဇီးတော၊ ရွှေချောင်းလည်နဲ့ သရက်တိုရိုးရွာတွေက ဖြစ်ပြီး လက်ရှိမှာ ဘုတလင်မြို့ပေါ်က မြို့နယ်ထွေထွေအုပ်ချုပ်ရေးရုံးနဲ့ နေရာတချို့မှာ ထိန်းသိမ်းထားတယ်လို့ သူက ပြောပါတယ်။

အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်လာတဲ့ စစ်ကြောင်း ဘုတလင်မြို့ပေါ်ကို ရောက်ရှိပြီးတဲ့နောက် ကားသုံးစီးနဲ့ နောက်ထပ် စစ်ကောင်စီတပ်သား အင်အားရှစ်ဆယ်ခန့် ထပ်ရောက်လာတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဟာ ဘုတလင်မြို့ရဲ့ မြောက်ဘက်က လွှဲတဲရွာကို ဝင်ရောက်ပြီး ရွာခံတချို့ကိုဖမ်းဆီးခဲ့သလို နွားလှည်းတချို့ကိုပါ ယူဆောင်သွားတယ်လို့ ဘုတလင် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဓားစာခံတွေ ဖမ်းခေါ်လာတဲ့ စစ်ကြောင်းက မိုးချုပ်မှ မြို့ထဲဝင်လာတယ်။ တစ်ခါ မနက် ၂ နာရီခွဲလောက်ကို ဘုတလင်မြောက်ပိုင်း လွှဲတဲကို ဝင်ပြီးမွှေနှောက်ပြီးတော့ လှည်းတွေရော ယူသွားတယ်"

မုံရွာမြို့ကနေ ဘုတလင်မြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းစဝင်ချိန်မှာ ဘုတလင်မြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက စစ်ကြောင်းကို ဟန့်တားဖို့ တိုက်ခိုက်မှုတချို့ လုပ်ဆောင်ခဲ့တယ်လို့လည်း ကာကွယ်ရေးအဖွဲ့ဝင်တွေက ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကြောင်းထိုး ဖမ်းဆီးတဲ့အခြေအနေတွေကြောင့် ဇီးတော၊ ရွှေချောင်းလည်နဲ့ သရက်တိုရိုးရွာတွေအပြင် မုံရွာ-ဘုတလင် ကားလမ်းဘေးတစ်လျှောက်ရွာတွေက ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုတလင်မြို့နယ်က အရပ်သားတွေ ဖမ်းဆီးခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေထဲမှာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ ထွက်လာတဲ့ အင်အားတစ်ရာကျော်ပါတဲ့ စစ်ကောင်စီရဲ့ တပ်မ ၃၃ စစ်ကြောင်းဟာ ဘုတလင်မြို့နယ်က ရွာတွေကို စီးနင်းပြီး နေအိမ် ငါးရာခန့် မီးရှို့ခဲ့သလို အရပ်သား နှစ်ဆယ်ကျော်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။