စစ်တပ်နဲ့ ပဋိပက္ခတွေကြောင့် ပညာရေးရပ်ဝန်း ဆိုးရွားနေကြောင်း ဗြိတိန် ပြော
2024.01.24

စစ်ကောင်စီတပ်ရဲ့ စာသင်ကျောင်းတွေအပေါ် တိုက်ခိုက်မှုနဲ့ နိုင်ငံတွင်း ပြင်းထန်လာတဲ့ ပဋိပက္ခတွေကြောင့် ပညာရေးရပ်ဝန်းကို ဆိုးရွားလာစေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ပညာရေးနေ့ အထိမ်းအမှတ်အဖြစ် အခုလို ထုတ်ပြန်လိုက်တာပါ။
ပြည်တွင်းက ပဋိပက္ခအခြေအနေတွေကြောင့် ကျောင်းသား၊ ကျောင်းသူတွေ အသက်ဆုံးရှုံးခဲ့ရသလို စာသင်ကျောင်းတွေ ဖျက်ဆီးခံခဲ့ရတယ်လို့လည်း ဗြိတိန်သံရုံးက ဆိုပါတယ်။
ဗြိတိန်အနေနဲ့ မြန်မာနိုင်ငံက လူမှုအဖွဲ့အစည်း အားလုံးအတွက် ပိုလုံခြုံတဲ့ ပညာရေးရရှိစေဖို့နဲ့ ကလေးသူငယ်၊ လူငယ်တွေကို ဆက်ပြီးကူညီထောက်ပံ့သွားမယ်လို့ ဆိုထားပါတယ်။
အဆင့်မြင့် ပညာရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို RFA ရဲ့ နှိုင်းယှဉ်လေ့လာချက်အရ အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ တက္ကသိုလ်တက်ရောက်သူ ၂၆၀,၀၀၀ ကျော် ရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ၂၄,၀၀၀ ကျော်သာရှိခဲ့တာ တွေ့ရပါတယ်။
ကမ္ဘာ့ဘဏ်ကလည်း ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က အစီရင်ခံစာမှာ မြန်မာပြည်က ပညာသင်ခွင့်ဆုံးရှုံးမှုဟာ အန္တရာယ်ရှိတဲ့ အနေအထားရောက်နေတယ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။