ကရင်ပြည်နယ်မှာ နယ်ခြားစောင့်တပ်က လူသစ် စုဆောင်း
2011.04.20

အဲဒီလို တပ်သားသစ် စုဆောင်း ကောက်ခံခဲ့တာနဲ့ ပတ်သက်လို့ ကရင်အမျိုးသား အစည်းအရုံး ကေအဲန်ယူရဲ့ ဖားအံခရိုင် ဥက္ကဋ္ဌ ပဒို စောအောင်မော်အေးက အခုလိုပြောပါတယ်။
“အဲဒီ ကုက္ကိုလ် မဲ့ပလဲဂွင်ထဲမှာ ရှိတဲ့ ရွာတွေ အားလုံးကို သူခေါ်စုပြီးတော့ တပ်သားသစ် ၇၅ ယောက် တောင်းတယ်နော်။ ဧပြီလ ၂၇ ရက်နေ့ကို အရောက် သူတို့ အပို့ခိုင်းလိုက်တယ်။ ဦးဆောင်တာတော့ ဗိုလ်ချစ်သူပဲနော်။ ကျေးရွာလူကြီးတွေ အားလုံးခေါ်ပြီးတော့ သူက အစည်းအဝေးလုပ်ပြီး တောင်းတာ၊ အဲဒါ ရွာကြီးရွာငယ်အလိုက်ပေါ့နော် တချို့ရွာတွေက ၁ ယောက် ၂ ယောက် ရှိတယ်။ ရွှေကုက္ကိုလ် တခုတည်းမှာတော့ အယောက် ၂၀ လောက် သူတောင်းတယ်။”
ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းက ရွှေကုကု္ကို၊ ကျေးရွာပေါင်း ၁၅ ရွာလောက်ကို ဆင့်ခေါ်ပြီး တပ်သားသစ်တောင်း ခံခဲ့တာလို့ သိရပါတယ်။ ရွှေကုက္ကိုလ်ရွာက ၂၀ဦး၊ ထီးဝါ့ဘလောရွာ ၁၂ဦး၊ ကယ်ဝေါ်ရွာ ၁၀ဦး၊ လို့ဘောရွာ ၇ဦး၊ ထီးချားရာရွာ ၅ဦး၊ ကျဝေါ်ခို့ရွာမ ၄ဦး၊ သဲပုံရွာ ၄ဦး၊ ထီးဟိုထောရွာမှ ၃ဦး၊ သီ့ဝါးပူရွာ ၃ဦး၊ ဖားကျူရွာ ၃ဦး၊ သက္ကာရရွာ ၂ဦး၊ မဲပလဲ့ထာ့ရွာ ၁ဦးနဲ့ တောအူရွာမှ ၁ ဦး ဖြစ်ကြောင်း သိရပါတယ်။
အခုလို တပ်သားသစ် ကောက်ခံတာနဲ့ပတ်သက်လို့ အသေးစိတ် သိရှိနိုင်ဖို့ RFA က ကရင်ပြည်နယ် ဘီဂျီအက်ဖ်တပ်ဖွဲ့ အကြံပေးပုဂ္ဂိုလ် စောချစ်သူထံ ဖုန်းနဲ့ ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းဆက်သွယ်လို့ မရရှိခဲ့ပါဘူး၊
အခုလို ဘီဂျီအက်ဖ်အဖွဲ့က တပ်သားသစ် ကောက်ခံတာဟာ အခုနှစ် ပထမ ၄ လအတွင်းမှာ ဘီဂျီအက်ဖ်အဖွဲ့ဝင် တရာ့လေးဆယ်ကျော်ဟာ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ လက်အောက်ခံ ကရင်အမျိုးသား တပ်မတော် တပ်မဟာ ၇ ထံကို သွားရောက် ပူးပေါင်းခဲ့တာတွေ ရှိသလို ထွက်ပြေးတာတွေလည်း များတဲ့အတွက် အခုလို တပ်သားသစ် ကောက်ခံရတာ ဖြစ်တယ်လို့ ကရင် အမျိုးသား အစည်းအရုံး ကေအဲန်ယူရဲ့ ဖားအံခရိုင် ဥက္ကဋ္ဌ ပဒို စောအောင်မော်အေးက ပြောပါတယ်။