ရန်ကုန်မှာ နှစ်ရက်အတွင်း ဗုံးခြောက်လုံးကွဲ

RFA Burmese
2024.02.02
ရန်ကုန်မှာ နှစ်ရက်အတွင်း ဗုံးခြောက်လုံးကွဲ ရန်ကုန်မြို့ တွင် လုံခြုံရေးကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ယာဉ်တန်းအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့ရစဉ်။
RFA

ရန်ကုန်တိုင်း မြို့နယ်သုံးခုမှာ ဇန်နဝါရီလ ၃၁ ရက်နဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွေက ဗုံးခြောက်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီလ ၃၁ နေ့ညက မြောက်ဥက္ကလာပမြို့နယ်၊ အဝိုင်းမီးပွိုင့်အနီး စစ်ကောင်စီတပ်စွဲထားတဲ့ လျှပ်စစ်မီတာ ရုံးမှာ သုံးကြိမ်၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကန်အနောက်ရပ်ကွက်က စစ်ကောင်စီတပ်စွဲထားတဲ့ သစ်စက်မှာ နှစ်ကြိမ်နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မနက်က လှိုင်သာယာမြို့နယ်၊ လှိုင်မြစ် (၅)လမ်းထိပ်မှာ ကားတွေတားပြီး စစ်ဆေးမှုတွေပြုလုပ်နေတဲ့ စစ်ကောင်စီယာဉ်ထိန်းရဲတွေအနီးမှာ တစ်ကြိမ်၊ စုစုပေါင်း ခြောက်ကြိမ်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို မြောက်ဥက္ကလာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ တပ်ခွဲ (၂)၊ ကြည့်မြင် တိုင် - Operation Flame (OF) စစ်ဆင်ရေးအဖွဲ့၊ အနောက်ပိုင်းခရိုင် (ပကဖ) နဲ့ Yangon Army (YA) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ကြည့်မြင်တိုင် - Operation Flame (OF) စစ်ဆင်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"ပြည်သူတွေကိုနည်းမျိုးစုံနဲ့ ဖိနှိပ်ညှဉ်းဆဲခဲ့တာကြောင့် တော်လှန်ရေးရဲဘော်တွေအားလုံးကိုယ်စား စစ်အာဏာသိမ်းသုံးနှစ်ပြည့် စစ်ဆင်ရေးကို ပြုလုပ်ခဲ့ကြတာပါ၊ ဒီစစ်ဆင်ရေးဟာ ဒုတိယမြောက်ပါ၊ ဆက်ပြီးတော့လည်း နွေဦးတော်လှန်ရေးအဆုံးသတ်သွားတဲ့အထိ ပြည်သူတွေနဲ့အတူတူ စစ်ကောင်စီကို တိုက်ခိုက်သွားမှာပါ"

မြောက်ဥက္ကလာမြို့နယ်နဲ့ ကြည့်မြင်တိုင်မြို့နယ်တွေက ဖောက်ခွဲမှုတွေမှာ တာဝန်ကျ ကင်းစောင့်စစ်သားလေးဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ဒီအချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်မပြု နိုင်ပါဘူး။

ဒီဖောက်ခွဲမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသေးလို ရန်ကုန်တိုင်း၊ စစ်ကောင်စီ ပြောခွင့်ရသူ ဥပဒေချုပ် ဦးဌေးအောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံ ဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ နေ့ညက အင်းစိန်မြို့နယ်၊ စစ်ကောင်စီမှုခင်းရဲတပ်ဖွဲ့ရုံး (CID) ရုံးရှေ့ဂိတ်မှာ ဗုံးကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုရက်ပိုင်းတွေအတွင်း ဗုံးပေါက်ကွဲမှုတွေကြောင့် ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ရဲကား၊ စစ်ကား၊ အချုပ်ကား၊ အရပ်ဘက်ကားတွေနဲ့အတူ တင်းတင်းကျပ်ကျပ် လှည့်လည်စစ်ဆေးနေတာတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။