ရန်ကုန်မြို့က ထိုင်း PTTEP ရေနံကုမ္ပဏီရုံးအနီး ဗုံးပေါက်ကွဲ

2022.07.22
ရန်ကုန်မြို့က ထိုင်း PTTEP ရေနံကုမ္ပဏီရုံးအနီး ဗုံးပေါက်ကွဲ ထိုင်း PTTEP ရေနံကုမ္ပဏီရဲ့ ရန်ကုန်ရုံးကို တွေ့ရစဥ်
Photo: PTTEP
မြန်မာနိုင်ငံမှာ သဘာ၀ဓာတ်ငွေ့လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ထိုင်း PTTEP ရေနံကုမ္ပဏီရဲ့ ရန်ကုန်ရုံးခွဲနဲ့ ကုန်သည်လမ်းပေါ် ၃၉ လမ်းထိပ်နဲ့ ဆိပ်ကမ်းသာလမ်းထိပ်ကြား ပန်းဘဲတန်း မြို့နယ် လျှပ်စစ်ရုံးရှေ့ လုံခြုံရေး ကင်းတဲနှစ်ခုမှာ ဇူလိုင်လ ၂၂ ရက် ဒီနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
မရမ်းကုန်းမြို့နယ် ဆည်မြောင်းရိပ်သာလမ်း၊ အမှတ် ၂ မှာရှိတဲ့ ထိုင်း PTTEP ပထမထပ် ကားပါကင်မှာ ဒီနေ့မနက် ၁၀ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ လူထိခိုက်မှုမရှိပေမယ့် စစ်ကောင်စီတပ်သားတွေက ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။
 
“အသံကတော့ အကျယ်ကြီးကြားလိုက်ရတယ်။ ကားပါကင်နေရာဆိုတော့ လူမထိဘူးလို့ သိရတယ်။ ရဲတွေ၊ စစ်သားတွေတော့ အများကြီးရောက်လာကြတယ်”
 
ထိုင်း PTTEP ရေနံကုမ္ပဏီဟာ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းထွက်ခွာသွားတဲ့ ပြင်သစ် Total ကုမ္ပဏီရဲ့ ရှယ်ယာတွေနဲ့ ဝန်ထမ်းတွေ အားလုံး ဝယ်ယူခဲ့တဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
 
ဒီဗုံးဖောက်ခွဲမှုဟာ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကို မသိရသေးသလို ဒီနေ့မနက်က ဖြစ်စဉ်နဲ့ ပတ်သက်လို့ PTTEP ကုမ္ပဏီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
 
အလားတူ ရန်ကုန်မြို့လယ်ကောင်မှာရှိတဲ့ ကုန်သည်လမ်းပေါ် က ၃၉ လမ်းထိပ်နဲ့ ဆိပ်ကမ်း သာလမ်းထိပ် ကြားမှာရှိတဲ့ ပန်းဘဲတန်းမြို့နယ် လျှပ်စစ်ရုံးရှေ့ လုံခြုံရေးကင်းတဲနှစ်ခုကိုလည်း ဒီနေ့မနက် ၁၁ နာရီခွဲလောက်က ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အဲဒီဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်သားတွေက ဗိုလ်အောင်ကျော်လမ်းကနေ ကုန်သည် လမ်းတစ်လျှောက် ပိတ်ပြီး ၃၈ လမ်း၊ ၃၉ လမ်းနဲ့ ဆိပ်ကမ်းသာလမ်းတွေကို ပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။