ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ဝန်ကြီးဌာနတွေ ပံ့ပိုးကူညီမည်
2017.12.12

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် လိုအပ်တဲ့ ဖောက်ခွဲရေးပစ္စည်းတွေ၊ ယာဉ်၊ ရထား အပါ အဝင် ခေတ်ကာလနဲ့ ကိုက်ညီတဲ့ အဝတ်အထည် အစရှိတဲ့ အထောက်အကူပစ္စည်းတွေကို ကာကွယ်ရေး ၊ ပြည်ထဲရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့က ကူညီဆောင်ရွက်ပေးသွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံက ဒီနေ့ ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီမှာပါတဲ့ ဝန်ကြီးဌာနတွေက ဌာန အလိုက် သက်ဆိုင်တာတွေကို ကူညီပေးသွားမှာဖြစ်တယ်လို့ ကော်မတီရဲ့ အတွင်းရေးမှူးဖြစ်တဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက ပြောပါတယ်။
"မူရင်းဇာတ်ညွှန်းသည် သမိုင်းအထောက်အထားခိုင်တဲ့ ဇာတ်ညွှန်းဖြစ်နေပါပြီ။ အခုပြန်ရေးတဲ့အခါကျ ရင်လည်း မြန်မာ့သမိုင်းအဖွဲ့က ပညာရှင်တွေပါမှာပေါ့နော်။ အဲဒါ ၁ အချက်ပေါ့နော်။ ၂ အချက်ကတော့ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အကူအညီတွေ ပေးဖို့ရှိမှာပေါ့နော်။ ဥပမာအားဖြင့် ရိုက်ကွင်းလုပ် မယ်။ အဲဒီရိုက်ကွင်းမှာ လုံခြုံရေးနဲ့ ဆက်စပ်ပြီး ယမ်းဖောက်ခွဲမှုတွေ ပါလာမယ်။လုံခြုံရေးနဲ့ ဆက်စပ် တာကို ပြည်ထဲရေးက တာဝန်ယူ ဆောင်ရွက်ပေးမှာပေါ့နော်။ နောက်တခါ ကာကွယ်ရေးတို့ ပြည် ထဲရေးတို့မှာရှိနေတဲ့ အဲဒီခေတ် အဲဒီကာလအရ အသုံးပြုရမယ့် အဝတ်အစား၊ အထောက်ကူပစ္စည်းတို့၊ ယာဉ်၊ ရထားတို့ စသည်ဖြင့်ပေါ့နော်"
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို အရင်က ငွေကျပ်သိန်းပေါင်းသုံးသောင်း အကုန်အကျခံရိုက်ကူးမယ်လို့ ပြင်ဆင်ပြီး ဇာတ်ညွှန်းရေးသားခဲ့ပေမယ့် လက်ရှိမှာ ငွေကျပ်သိန်းပေါင်း ၈၀၀၀ ကျော်သာရှိတာကြောင့် ဇာတ်ညွှန်းကို အကျဉ်းချုံ့ ပြန်လည်ရေးသားနေတယ်လို့ ပြောပါတယ်။
ဇာတ်ညွှန်းပြန်လည်ရေးတဲ့ကာလကို အကြမ်းဖျဉ်း ၆ လလို့ သတ်မှတ်ထားပြီး လာမယ့် ၂၀၁၈ ခုနှစ် နှစ်လယ် ပိုင်းမှာ ဇာတ်ညွှန်းပြန်လည်ပြင်ဆင် ရေးဆွဲပြီးဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။
လာမယ့် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရုပ်ရှင်ရိုက်ကူးမှု ပြီးစီးမယ်လို့ ခန့်မှန်းထားပြီး လာမယ့် ၂၀၂၀ မှာ ရုံတင်ပြ သနိုင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့က ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာ သမိုင်းအချက်အလက်တွေ တိကျမှန်ကန်စေဖို့ ရည်ရွယ်ပြီး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ဦးဆောင်ပြီး ကာကွယ်ရေးဝန်ကြီးဌာန နဲ့ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ သမိုင်းပညာရှင်တွေ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေ ပါဝင်တဲ့ လုပ်ငန်းကော်မတီကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။