ဗိုလ်ချုပ်ရုပ်ရှင် ၂နှစ်အတွင်း အပြီးရိုက်ကူးမည်
2017.11.28

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဦးဆောင်တဲ့ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီ ဟာ နှစ်နှစ်အတွင်း ပြီးစီးအောင် ရိုက်ကူးသွားမယ်လို့ ကော်မတီမှာ ပါဝင်တဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ပြောပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင်ကို ငွေကျပ် သိန်းပေါင်းရှစ်ထောင်နဲ့ ပြီးစီးအောင် ရိုက်ကူးသွားမယ်လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ပြောပါတယ်။
"အလှူခံဖို့မရှိဘူး၊ ဒီသိန်းရှစ်ထောင်နဲ့ပဲ ရိုက်ရမယ်လို့ သိထားတယ်၊ အချိန်ဘယ်လောက်ယူမလဲလို့ ညှိနှိုင်းကြတဲ့အခါမှာ နှစ်နှစ်ယူပါမယ်လို့ ပြောထားတယ်၊ ဒီ ၂၀၁၈ ရယ်၊ ၂၀၁၉ ရယ်၊ အဲဒီနှစ်နှစ် ဆိုတာက ဇာတ်ညွှန်းပါ ပြန်ပြင်ရတော့မယ်၊ သိန်းရှစ်ထောင်နဲ့ ဆီလျော်တဲ့ ဇာတ်ညွှန်းဖြစ်အောင် ဇာတ်ညွှန်းကို ပြန်ပြင်ရမယ်၊ ပြီးတော့ရိုက်ကူးရေးရှိမယ်၊ ရိုက်ကူးရေးပြီးမှ လုပ်ရမယ့်လုပ်ငန်းစဉ်တွေ ရှိမယ်၊ အဲဒီဟာတွေ အားလုံးအတွက် time frame ကို နှစ်နှစ်တောင်းထားတယ်"
၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ ပြသဖို့ အဆင်သင့်ဖြစ်နေဖို့အတွက် ဇာတ်ညွှန်းကို ကုန်ကျစရိတ်နဲ့ ကိုက်ညီမယ့် ဇာတ်ညွှန်းအဖြစ် ပြန်လည်ပြင်ဆင်သွားမှာဖြစ်ပြီး မူလက ရွေးချယ်ထားတဲ့ သရုပ်ဆောင်တွေနဲ့ပဲ ရိုက်ကူးသွား မယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဦးဆောင်တဲ့ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့လမ်းညွှန်မှုနဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့က ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
အသစ်ဖွဲ့စည်းလိုက်တဲ့ကော်မတီမှာ အရင် ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှာ ပါဝင်ခဲ့တဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ရုပ်ရှင်ဥက္ကဌဟောင်း ဦးလူမင်းနဲ့ ဦးဇာဂနာတို့ ပြန်လည်ပါဝင်ပြီး မူလက ဖွဲ့စည်းထားတဲ့ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကိုတော့ ဖျက်သိမ်းသွားမှာဖြစ်တယ်လို့ ကော်မတီအဖွဲ့ဝင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောပါတယ်။
၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အနုပညာရှင်တွေ တွေ့ဆုံရာကနေ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးဖို့ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ညွှန်းရရှိဖို့ တစ်နှစ်နီးပါးအချိန်ယူကာ အဓိက သရုပ်ဆောင်မယ့်သူတွေကို ရွေးချယ်ခဲ့ပြီးနောက် အချိန် ၁၁ မိနစ်စာ ဗိုလ်ချုပ်ရုပ်ရှင်အမြည်းကိုသာ ရိုက်ကူးနိုင်ခဲ့ပြီး ရိုက်ကူးရေးကို နှစ်နှစ်နီးပါး ရပ်နားထားခဲ့တာဖြစ်ပါတယ်။