လောင်းလုံမှာ ဖမ်းမိတဲ့ မွတ်စလင်တွေ စစ်တွေမြို့ကို ပြန်လည်ရောက်ရှိ


2018.11.30
boat-refugees-622.jpg ထားဝယ်ခရိုင် လောင်းလုံဘုတ်ကျွန်းအနီးက ပင်လယ်ပြင်မှာ လှေနဲ့ထွက်ပြေးလခဲ့တဲ့ မွတ်စလင်တွေ ၂၀၁၈၊ နိုဝင်ဘာလ ၃ဝ ရက်နေ့က စစ်တွေမြို့ကို ပြန်လည်ရောက်ရှိလာစဉ်
Photo: Min Thein Aung/RFA

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ်မှာ စက်လှေနဲ့အတူတွေ့ရှိခဲ့တဲ့ မွတ်စလင် ၉၃ ဦးကိုတင်ဆောင်လာတဲ့ တပ်မတော်ရေယာဉ်ဟာ ဒီနေ့ စစ်တွေမြို့ကို ရောက်ရှိလာပြီး ညနေပိုင်းမှာ သူတို့ရဲ့ နေအိမ်အသီးသီးကို အစိုးရက ပြန်လည်ပို့ဆောင်လိုက်ပါတယ်။

စစ်တွေမြို့နယ်အတွင်းက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ဒုက္ခသည်စခန်း ခေါင်းဆောင်တွေကနေ တဆင့် အသီးသီးပြန်လည်အပ်နှံလိုက်တာလို့ လုံခြုံရေးအရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

စစ်တွေမြို့နယ်ကနေ မလေးရှားနိုင်ငံဘက်ကို စက်လှေနဲ့ထွက်ပြေးလာကြတဲ့ မွတ်စလင် ၉၃ ဦးကို ထားဝယ်ခရိုင် လောင်းလုံမြို့နယ်အနောက်ဘက် ဘုတ်ကျွန်းအနီးပင်လယ်ပြင်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က မြန်မာရေ တပ်က တွေ့ရှိခဲ့တာပါ။

အဲဒီအထဲမှာ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၃၃ ဦးနဲ့ ကလေးငယ် ၃၂ ဦး ပါဝင်ပါတယ်။

သူတို့ကို တပ်မတော်ရေယာဉ်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၇ ရက်နေ့ညက ပြန်လည်ခေါ်ယူလာရာမှာ ဒီနေ့နေ့လယ်က စစ်တွေမြို့နယ် သဲချောင်းကျေးရွာကို ပြန်လည်ရောက်ရှိလာခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒီနေ့ပြန်ပို့လိုက်သူတွေထဲက အများစုဟာ သဲချောင်း၊ ဒါးပိုင်၊ သက္ကယ်ပြင်၊ ဆေးသမားကြီး၊ ဘာဆာရာ စတဲ့ကျေးရွာတွေက အများဆုံးဖြစ်ပြီး အနည်းစုကတော့  ဒုက္ခသည်စခန်းတွေကဖြစ်တယ်လို့ လုံခြုံရေးအရာရှိက ပြောပါတယ်။

အသက် ၁၀ နှစ်အထက်လူတွေကို အစိုးရက အစိမ်းနုရောင် NVC ကတ်တွေထုတ်ပေးပြီး သူတို့ရဲ့နေအိမ်တွေကို ပြန်လည်ပို့ဆောင်လိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။