ရစ်ချတ်ဆင်နဲ့ အစိုးရ အပြန်အလှန် ရှင်းလင်း


2018.01.25
bill-richardson-622 ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ကနေ နုတ်ထွက်ခဲ့တဲ့ Bill Richardson ကို တွေ့ရစဉ်
Photo: Reuters

အမေရိကန်ဝန်ကြီးဟောင်းနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ် ရစ်ချတ်ဆင် Bill Richarson ကို ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖေါ်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ဝင်အဖြစ်ကနေ ရပ်စဲ လိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ဇန်နဝါရီလ ၂၅ ရက်နေ့စွဲနဲ့ မနေ့က သတင်းထုတ်ပြန် ခဲ့ပါတယ်။

အဲဒီကြေညာချက်မှာ ပြီးခဲ့တဲ့ ၂၂ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အကြံပေးအဖွဲ့ အစည်းအဝေးမှာ ရစ်ချတ် ဆင်ရဲ့ ရည်ရွယ်ချက်ဟာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အခြေခံပြီး အကြံပေးတာမျိုး မဟုတ်ဘဲ သူ့ရဲ့ ပုဂ္ဂလိက အကျိုးကို ရှေးရှုဆောင်ရွက်လိုတယ်ဆိုတာ ထင်ရှားခဲ့တဲ့အတွက် အကြံပေးအဖွဲ့ဝင်အဖြစ်က ရပ်စဲဖို့ နိုင်ငံတော်အစိုးရအနေနဲ့ ဆုံးဖြတ်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

အစိုးရရဲ့ထုတ်ပြန်ကြေညာချက်မှာ အကြံပေးအဖွဲ့မှာ ပါဝင်မှုကနေ သူ့ကိုရပ်စဲကြောင်း ဖေါ်ပြထားပေမယ့် ဝန်ကြီးဟောင်း ရစ်ချတ်ဆင်က အဲဒီအကြံပေးအဖွဲ့ဟာ ဟန်ပြအဖွဲ့ဖြစ်နေတဲ့အတွက် သူနုတ်ထွက်လိုက်ကြောင်း အစိုးရထက် တစ်ရက်စောပြီး ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို RFA က ကြာသပတေးနေ့မှာ ဆက်သွယ်မေးမြန်းခဲ့ ရာမှာတော့ ရစ်ချတ်ဆင် နုတ်ထွက်သွားတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဦးဇော်ဌေးက ရစ်ချတ်ဆင် ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့ကြောင်း ပြောဆိုတယ်လို့ မနေ့ကရတဲ့ AFP အေအက်ဖ်ပီ သတင်းအရ သိရှိရပါတယ်။

Reuters ရိုက်တာသတင်း တစ်ပုဒ်မှာတော့ ရစ်ချတ်ဆင်ကို အဖွဲ့ဝင်အဖြစ်က နုတ်ထွက်ဖို့ ပြောဆိုခဲ့ကြောင်း အစိုးရ အာဏာပိုင်တွေက ကျန်ရှိတဲ့အကြံပေးအဖွဲ့ဝင်တွေကို အသိပေး အကြောင်းကြားခဲ့တယ်လို့ ဖေါ်ပြ ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။