အကြံပေးကော်မရှင်အဖွဲ့ဝင် ဘီလ်ရစ်ချတ်ဆန် နုတ်ထွက်တဲ့အပေါ် အစိုးရ ပြောကြား


2018.01.25
bill-richardson-622 ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့က နုတ်ထွက်ခဲ့တဲ့ Bill Richardson(အကျီၤအပြာ)ကို တွေ့ရစဉ်
Photo: Myanmar State Counsellor Office

ရခိုင်ပြည်နယ်အရေး နိုင်ငံတကာ အကြံပေးအဖွဲ့ကနေ အမေရိကန်ဝန်ကြီးဟောင်း Bill Richardson ဘီလ် ရစ်ချတ်ဆင် နုတ်ထွက်သွားတာဟာ သူ့ကိုပေးထားတဲ့ လုပ်ပိုင်ခွင့် တာဝန်ထက် ပိုပြီးဆောင်ရွက်လိုစိတ်နဲ့ အကြံပေးရမယ့်လုပ်ငန်းထက် ပိုပြီးလုပ်ဖို့ကြိုးစားလာတာကြောင့် အဆင်မပြေဖြစ်ပြီး နုတ်ထွက်သွားတာဖြစ် တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

အကြံပေးအဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်အရေးကိုသာ အကြံပေးဖို့ဖြစ်ပြီး တခြားဒီမိုကရေအရေး၊ လူ့အခွင့် အရေးနဲ့ သတင်းစာလွတ်လပ်ခွင့်ကိစ္စတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်မှု မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း မသိတာကြောင့် အဆင်မပြေဖြစ်ရတာလို့ ဦးဇော်ဌေးက ပြောပါတယ်။

"သူ့ကို အကြံပေးအဖွဲ့ဝင်တွေကို ပေးထားတဲ့ အခွင့်အရေးပေါ့၊ လုပ်ပိုင်ခွင့်တာဝန်က ဘာလဲဆိုတာ သူရှင်းရှင်းလင်းလင်း သိရှိပုံမရဘူး၊ အဲဒီလုပ်ပိုင်ခွင့်တာဝန်ဟာ ရခိုင်ပြည်နယ်ကိစ္စတွေမှာပဲ အကြံပေးဖို့ဖြစ်တယ်၊ တစ်နိုင်ငံလုံးမှာ ဒီမိုကရေအရေး၊ လူ့အခွင့်အရေးနဲ့ Freedom of expression ဒါမျိုးကိစ္စတွေမှာ အကြံပေးဖို့ မဟုတ်ဘူးဆိုတာ သိဖို့လိုတယ်၊ ရိုက်တာ သတင်းထောက် နှစ်ယောက် ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ခွင့်တောင်းတာလည်း ဖော်ပြထားတယ်၊ ပြည် ထဲရေးဝန်ကြီးနဲ့ တွေ့ဖို့တို့ ရိုက်တာက သတင်းထောက်ကိစ္စတို့ ဆွေးနွေးမယ်ဆိုတော့ ဒါကအကြံပေး အဖွဲ့ကိုပေးထားတဲ့ လုပ်ငန်းတာဝန်ထက် ကျော်လွန်သွားပြီ၊ ကျန်တဲ့ မသက်ဆိုင်တဲ့ဟာတွေ ကျော်လွန်ပြီး လုပ်ဆောင်လာတဲ့အချိန်မှာ အဆင်မပြေဖြစ်ပြီး နုတ်ထွက်သွားတာဖြစ်ပါတယ်"

ဘီရစ်ချတ်ဆန်က ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် ၂ ဦးကို လွှတ်ပေးဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ဆွေးနွေးရာမှာ အပြန်အလှန် တင်းမာစွာ ပြောဆိုတဲ့အဆင့်ထိ ဖြစ်ခဲ့ကြောင်း၊ အကြံပေးအဖွဲ့ဝင်တစ်ဦးရဲ့ လုပ်ပိုင်ခွင့်ကိုကျော်ပြီး တောင်းဆိုတာလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း အေပီသတင်းဌာန နဲ့ တွေ့ဆုံမေးမြန်းရာမှာ အမေရိကန်ဝန်ကြီးဟောင်း ဘီလ်ရစ်ချတ်ဆန်က ဖြေကြားပါတယ်။

အဲဒီရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေး အဖွဲ့ဟာ ဇန်နဝါရီလ ၂၄ ရက်နေ့ မနေ့က စတင်ပြီး ရခိုင်ပြည်နယ်ကို ရောက်ရှိနေတာဖြစ်ပေမယ့် ဘီလ် ရစ်ချတ်ဆင် လိုက်ပါသွားခြင်းမရှိဘဲ ချက်ခြင်းနုတ်ထွက်ခဲ့ပါတယ်။

နိုင်ငံတကာက ပညာရှင်တွေပါဝင်တဲ့ ရခိုင်ပြည်နယ် အကြံပေးအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ကို ဦးဆုံးလေ့လာရေး သွားကြည့်ရဦးမှာဖြစ်ပေမယ့် မသွားရသေးခင် နုတ်ထွက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အဲဒီအဖွဲ့ကိုပါ ဝေဖန်ပြစ်တင်မှုတွေလုပ်နေတာ သဘာဝမကျကြောင်း ဦးဇော်ဌေး က ပြောပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်ပြီး ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင်နဲ့ နိုင်ငံတော် ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်တို့ရဲ့ အကြံပြုချက်တွေထဲက လက်တွေ့မြေပြင်နဲ့ သင့်တော်တာတွေကို စုစည်းဆောင်ရွက်နေတာဖြစ်ပြီး နိုင်ငံတကာက ဝေဖန်မှုတွေကို အလုပ်နဲ့သက်သေပြဖို့ပဲ အစိုးရက ကြိုးစားနေတာဖြစ်တယ်လု့ိ ဦးဇော်ဌေးက ပြောပါတယ်။

အမေရိကန်ဝန်ကြီးဟောင်း ဘီလ် ရစ်ချတ်ဆင်ဟာ ရခိုင်အကြံပေးအဖွဲ့က နုတ်ထွက်ပြီးနောက် အဲဒီအဖွဲ့ ဟာ နိုင်ငံတကာက အမြင်ကောင်းအောင် ဟန်ပြထားလုပ်ထားတဲ့အဖွဲ့ သက်သက်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည် အနားမှာဝိုင်းရံနေသူတွေဟာ ရခိုင်အရေးမှာ မှန်ကန်ပွင့်လင်းစွာ တင်ပြအစီရင်ခံခြင်းမရှိတဲ့ အတွက် ပြဿနာဖြစ်နေရတာဖြစ်ကြောင်းစတဲ့ ဝေဖန်ချက်တွေကို သတင်းမီဒီယာတွေကို ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အင်မတန် ကြည်ညိုလေးစားသူဖြစ်ပေမယ့် ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်ပြီး သိက္ခာရှိရှိ ဦးဆောင်မှုကို ပြသနိုင်ခဲ့ခြင်း မရှိသေးဘူးလို့လည်း ဘီလ် ရစ်ချတ်ဆင် က ဝေဖန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေး အဖွဲ့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၈ ရက်နေ့က မြန်မာအစိုးရက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အဲဒီအဖွဲ့မှာ ထိုင်းနိုင်ငံက ဒုတိယဝန်ကြီးချုပ်ဟောင်း ဆူရာကီယတ် ဆာသီယာထိုင်း Surakiart Sathirathai ဦးဆောင်ပြီး ပြည်တွင်း ပြည်ပက ပညာရှင် ၁၀ ဦးပါဝင်ပြီး အကြံပေးအဖွဲ့သက်တမ်းကတော့ ၁ နှစ် ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။