တရုတ်စီမံကိန်းရှိတဲ့ ဗန်းမော်မြို့ လက်မလွှတ်ရဖို့ စစ်ကောင်စီ အပြင်းအထန်ခုခံ

RFA Burmese
2024.12.10
တရုတ်စီမံကိန်းရှိတဲ့ ဗန်းမော်မြို့ လက်မလွှတ်ရဖို့ စစ်ကောင်စီ အပြင်းအထန်ခုခံ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပေါ်က နှစ်ဖက်တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းတစ်ခုဖြစ်တဲ့ ဧရာဝတီမြစ်ကြောင်း ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရှိတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို လက်မလွှတ်ရဖို့အတွက် စစ်ကောင်စီတပ်က လေကြောင်းနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်နေပြီး မြို့တွင်းတိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက RFA ကို ဒီဇင်ဘာလ ၁၀ ရက် ဒီနေ့ပြောပါတယ်။

မြို့အတွင်းမှာ စစ်ကောင်စီတပ်က နေရာယူထားတဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ရဲစခန်း၊ စုပေါင်းရုံး၊ အင်ဂျင်နီယာတပ်၊ စစ်ဆေးရုံ၊ ထောက်ပို့တပ်၊ တက္ကသိုလ်နဲ့ လေယာဉ်ကွင်း စတဲ့ နေရာရှစ်နေရာကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဗန်းမော်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲ စဖြစ်ကတည်းက နေ့တိုင်းပဲ မနေ့ကအထိ လေယာဉ်က တစ်စင်းပြီး တစ်စင်းကို လာပစ်တာ။ လက်နက်ကြီးနဲ့လည်း တောက်လျှောက် ပစ်နေတယ်။ တနင်္ဂနွေနေ့မှာ ထွက်လာတဲ့သူတွေ ပြောပြတာက အရပ်သား ထိခိုက်သေဆုံးတာ ရှိတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဘယ်လောက်လဲဆိုတာကတော့ အတိအကျ မသိရဘူး။ ဖုန်းလိုင်းက မရတော့ ဆက်သွယ်လို့မရတော့ဘူး"

ဗန်းမော်မြို့ထဲမှာ သက်ကြီးရွယ်အိုနဲ့ ပြောင်းရွှေ့ဖို့ ငွေကြေးမတတ်နိုင်သူတချို့အပါအဝင် အရပ်သား တစ်ထောင်ခန့် ဆက်ပြီး ကျန်နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲစဖြစ်ချိန်မှာ စစ်ကောင်စီတပ်က ကုန်းလမ်းနဲ့ ရေလမ်းထွက်ပေါက်တွေကို အကုန်ပိတ်လိုက်ပေမဲ့ နောက်ပိုင်းမှာ လမ်းကြောင်းတချို့ ပြန်ဖွင့်ပေးတာကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ချိန်ရခဲ့တယ်လို့ ဆိုပါတယ်။

ဗန်းမော်မြို့က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ် လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းနဲ့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး ဗန်းမော်မြို့ အပြင် မံစီမြို့က စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

KIA နဲ့ ပူးပေါင်းတပ်တွေဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းအတွင်းက ကုန်သွယ်ရေးစီးပွားရေးဇုန် တည်ဆောက်မဲ့ ကန်ပိုက်တီမြို့ကို သိမ်းယူပြီးနောက် ဧရာဝတီမြစ်ကြောင်း ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရှိတဲ့ ခရိုင်အဆင့်မြို့ဖြစ်တဲ့ ဗန်းမော်မြို့ကိုပါ ဆက်ပြီး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ်အာဏာပိုင်တွေဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA/KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်ဘက်မှာ ဒီဇင်ဘာလ ၈ ရက်နေ့ကတည်းက တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။