သိန္နီမြို့မှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး ဆက်သွယ်ရေးလိုင်းအချို့ ပြတ်တောက်နေ
2023.10.28
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့အဝင်မှာ အောက်တိုဘာ ၂၈ ရက် ဒီနေ့မနက် ၁၁ နာရီခန့်အထိ နှစ်ဖက်တိုက်ပွဲ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ပါ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း သိန္နီမြို့အဝင်တံတား ပစ်ခတ်ခံရပြီး တံတားဘောင်တန်းမှာ သွယ်တန်းထားတဲ့ ဆက်သွယ်ရေး ကြိုးလိုင်းတွေ ပျက်စီးသွားတာကြောင့် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းအချို့ပါ ပြတ်တောက်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဖုန်းလိုင်းက မိုင်တဲ (Mytel) တစ်ခုပဲရတယ်။ ကျန်တဲ့ ဖုန်းလိုင်းရော၊ အင်တာနက်လိုင်းရော ပျက်နေတယ်။ သိန္နီမြို့အထွက်က လားရှိုးဘက်သွားတဲ့ဘက်မှာ တံတားရှိတယ်။ အဲဒီတံတားကျော်ရင် စစ်တပ်တွေရှိတဲ့ ကောင်းဟော်နဲ့ အတွင်းပိုင်း နောင်အွန်ရွာတွေမှာ ဒီမနက်အထိ ဆက်ဖြစ်နေတာ”
တိုက်ပွဲကြောင့် သိန္နီမြို့မှာ ဈေးဆိုင်တွေနဲ့ နေအိမ်တွေအားလုံး ပိတ်ထားကြပြီး မြို့တစ်ခုလုံး အသွားအလာမရှိ တိတ်ဆိတ်နေတယ်လို့ ဒေသခံက ဆိုပါတယ်။
တိုက်ပွဲကြောင့် ထိခိုက်သေဆုံးမှု အသေးစိတ်ကိုတော့ မသိကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။
သိန္နီမြို့ထဲကို အောက်တိုဘာလ ၂၇ ရက် မနေ့မနက်အစောပိုင်း ၄ နာရီခန့်မှာ ကိုးကန့် (MNDAA) တပ်ဖွဲ့တွေ ဝင်ရောက်လာခဲ့ပြီး မြို့တစ်ခုလုံးကို ထိန်းချုပ်ထားခဲ့တယ်လို့လည်း ဒေသခံက ဆိုပါတယ်။
ကိုးကန့်အဖွဲ့တွေ ဝင်ရောက်လာချိန် သိန္နီဈေးအနီးမှာရှိတဲ့ အ.ထ.က (၁) စာသင်ကျောင်းမှာ လုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ညနေပိုင်းမှာတော့ ကိုးကန့်အဖွဲ့တွေ မြို့ပေါ်ကနေ ပြန်ဆုတ်သွားခဲ့ပေမယ့် ကောင်းဟော်နဲ့ နောင်အွန်ရွာတွေမှာ တိုက်ပွဲတွေ ဆက်ပြင်းနေတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြို့ပေါ်ဝင်တာတော့ ဘာမှမလုပ်ဘူး စ.က.စ ရှိလားပဲမေးတာ။ သူတို့ပြန်ဆုတ်သွားတဲ့အဖွဲ့ က စစ်တပ်ရှိတဲ့ မြို့အထွက်အခြမ်းကို ရောက်နေတာ။ ပြန်ဆုတ်လိုက် ပြန်တက်လာပြီး ပစ်လိုက်နဲ့ စစ်တပ်စခန်းတွေကို တိုက်နေတဲ့ ပုံစံလို့ပြောရမယ်”
သိန္နှီမြို့အထွက်မှာ စစ်ကောင်စီရဲ့ ခလရ-၆၉၊ စ.က.ခ (၁၆)၊ ဆက်သွယ်ရေးတပ်၊ ဆေးတပ်၊ ခလရ-၂၄၀၊ ခလရ-၃၂၃ စတဲ့ တပ်ရင်းတွေရှိနေတာပါ။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အတွေအနေနဲ့ အဲဒီတပ်စခန်းတွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေသလို စစ်ကောင်စီတပ်ဘက်ကလည်း ပြင်းပြင်းထန်ထန်ခုခံနေတာလို့ ဒေသခံတွေက ဆိုပါတယ်။
မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ TNLA၊ ကိုးကန့်တပ်မတော် (MNDAA)နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က စစ်ဆင်ရေးအမှတ် (၁၀၂၇) ကို ကြေညာပြီး စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ အပါအဝင် ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့တွေက စစ်ကောင်စီတပ်စခန်း တွေကို အောက်တိုဘာ ၂၇ ရက် မနက် ၄ နာရီကစပြီး တစ်ပြိုင်တည်း ဝင်တိုက်ခဲ့တာပါ။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ချင်းရွှေဟော်၊ လောက်ကိုင်၊ သိန္နီ၊ ကွမ်းလုံနဲ့ လားရှိုး မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ချင်းရွှေဟော် ဖောင်ဆိပ်နဲ့ တာပါးတံတား ကင်းစခန်းက တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးခဲ့တယ်လို့ ပြည်တွင်းမီဒီယာတချို့ကို အောက်တိုဘာလ ၂၇ ရက်က ဖြေဆိုထားပါတယ်။
အောက်တိုဘာ ၂၈ ရက် ဒီနေ့နေ့လယ်မှာတော့ လားရှိုး၊ ကွတ်ခိုင်၊ ကွမ်လုံ၊ နမ့်ခမ်းမြို့တွေမှာ တိုက်ပွဲအနည်းငယ် ငြိမ်နေပေမယ့် စစ်ရေးအခြေအနေကတော့ ဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။