တန့်ယန်းဒေသခံတွေ စစ်ဘေး လွတ်ရာထွက်ပြေး


2013.04.05

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်တွေရှိတဲ့ တန့်ယန်းမြို့နယ်အတွင်းက သံလွင်မြစ်တလျှောက်နေရာတွေကို အစိုးရတပ်တွေ ထိုးစစ်ဆင်လာတာကြောင့် တန့်ယန်းမြို့နယ်ဒေသခံ ကျေးရွာပေါင်း ၁၆ ရွာက ရွာသူရွာသားတစ်ထောင်နီးပါး ရွှေ့ပြောင်းနေရတယ်လို့ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ရှမ်းလူ့အခွင့်အရေးအဖွဲ့က ဒီနေ့ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကတည်းက မြန်မာစစ်တပ်ဟာ အဲဒီတန့်ယန်းမြို့နယ်အတွင်းမှာ အင်အားတိုးချဲ့ချထားလိုက်ပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ ခြေကုတ်ယူထားတဲ့နေရာတွေကနေ ဆုတ်ခွာပေးအောင် တောင်းဆိုထားတာရှိသလို အခုနောက်ပိုင်း စစ်ရေးအရ ဖိအားပေးနေတာလို့ ကြေညာချက်မှာဖေါ်ပြပါတယ်။

ဒေသခံကျေးရွာသားတွေဟာ နေအိမ်တွေစွန့်ပြေးရပြီး တန့်ယန်းမြို့က ဘုန်းကြီးကျောင်းတချို့နဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့ ပြောပါတယ်။

တစ်ချိန်တည်းမှာလည်း ဒေသခံရွာသားတစ်ချို့ဟာ အစိုးရတပ်တွေရဲ့ တပ်စခန်းတွေမှာ နေ့ညလုပ်အားပေးနေရတာတွေရှိတယ်လို့ သိရပါတယ်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းဟာ အစိုးရနဲ့ ၁၉၈၉ ခုနှစ်ကတည်းက တရားဝင်အပစ်ခတ်ရပ်စဲထားတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မတ်လလောက်ကစပြီး စစ်ရေးအခြေအနေ ပြန်လည်တင်းမာခဲ့တာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။