မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တပ်စခန်းတိုက်ပွဲ ပြင်းထန်

RFA Burmese
2023.12.15
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တပ်စခန်းတိုက်ပွဲ ပြင်းထန် တိုက်ပွဲကြောင့် လက်နက်ထိမှန်ပျက်စီးခဲ့သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နေရာတစ်နေရာအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ကတွေ့ရစဉ်။
Citizen Journalist

မြန်မာ-တရုတ် နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကုန်းကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဝင်ရောက်တိုက်ခိုက်နေသလို စစ်ကောင်စီဘက်က လေကြောင်းကနေ ပြန်လည် တုံ့ပြန်တိုက်ခိုက်နေတာကြောင့် ဒီမနက်ပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မူဆယ်ဒေသခံ အချို့က RFA ကို ပြောပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ မနေ့ မနက်ပိုင်းကစပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်လို့ မူဆယ် ဒေသခံ တစ်ဦးက ပြောပါတယ်။

“တော်တော် ပြင်းပြင်းထန်ထန်ပဲ ဖြစ်နေတာဗျ။ မနေ့ကရော ဒီနေ့ မနက်အထိ ဖြစ်နေတုန်း။ ၁၀၅ မိုင် စခန်းကုန်းနားမှာပဲ ဖြစ်နေတာ။ ရဟတ်ယာဉ်တွေနဲ့ ပစ်တာလည်းရှိတယ်။ ညကဆို ဂျက်လေယာဉ်နဲ့လည်း လာပစ်တာ ကြားနေရတယ်။ အဲဒီဘက်ကို ဘယ်သူမှ ဝင်လို့မရတာ ကြာပြီဗျ”

မြောက်ပိုင်းညီနောင် သုံးဖွဲ့က ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်းမှာရှိတဲ့ စစ်ကောင်စီ စခန်းကုန်းကို သိမ်းပိုက်နိုင်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ကတည်းက စတင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်းမှာ မြောက်ပိုင်းညီနောင် သုံးဖွဲ့ဘက်က ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့သလို မြေပြင်ကနေလည်း တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ လေကြောင်း လက်နက်ကြီးတွေ အသုံးပြုပြီးလည်း ခုခံတိုက်ခိုက်နေတယ်လို့ တိုက်ပွဲအခြေအနေ သိရှိတဲ့ မူဆယ်ဒေသခံ တစ်ဦးက ပြောပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့ကနေ စတင်တဲ့တိုက်ပွဲတွေကြောင့် ၁၀၅ မိုင် နို့စားနွား မွေးမြူရေးခြံမှာ အလုပ်လုပ်တဲ့ အသက် ဆယ်နှစ်ဝန်းကျင်အရွယ် ကလေးငယ်သုံးဦး အပါအဝင် အရပ်သား ဆယ်ဦးနီးပါး သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မူဆယ်မြို့က ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။ ဒဏ်ရာသူ အချို့လည်းရှိနေပြီး ပိတ်မိနေသူ တစ်ထောင်နီးပါးလောက်ကိုလည်း ကယ်ထုတ်ခွင့် မရသေးဘူးလို့ သူကဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ မူဆယ် ၁၀၅ မိုင်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်နေကြောင်း စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေကနေတစ်ဆင့် အခုရက်ပိုင်းမှာ ပြောဆိုထားပါတယ်။ တိုက်ပွဲ အခြေအနေအပေါ် အသေးစိတ် ထုတ်ဖော်ပြောဆိုတာတော့ မရှိပါဘူး။

TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကလည်း မူဆယ် ၁၀၅ မိုင် စခန်းကုန်းအနီး စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့ကြား တိုက်ပွဲဖြစ်နေတယ်လို့ RFA ကို ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ပြောဆိုထားပါတယ်။

၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ဟာ မြန်မာ-တရုတ် နယ်စပ်အတွက် အကြီးမားဆုံး ကုန်သွယ်ရေးဇုန် ဖြစ်ပါတယ်။ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို ဖြတ်ပြီး တရုတ်နဲ့ ကုန်ဖလှယ်နေရတဲ့ ကျင်စန်းကျော့ နယ်စပ်ဂိတ်ကို MNDAA ကိုးကန့်တပ်ဖွဲ့က နိုဝင်ဘာလ ၂၅ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပါတယ်။ ဒါကြောင့် ရှမ်းမြောက်ဒေသ တရုတ်နယ်စပ် ကုန်သွယ်ရေးတွေ အားလုံး ရပ်တန့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။