ရခိုင်ကော်မရှင်ကို ကုလသမဂ္ဂ အပြည့်အဝထောက်ခံ
2016.08.30

မြန်မာအစိုးရဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ကုလသမဂ္ဂအနေနဲ့ အပြည့် အဝ ထောက်ခံကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။
နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ဒီကနေ့ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ဘန်ကီမွန်းက အခုလိုပြောဆိုခဲ့တာပါ။
"အားရကျေနပ်ဖွယ်ရာ တိုးတက်တဲ့ခြေလှမ်းတရပ်အနေနဲ့ မြန်မာအစိုးရက မစ္စတာ ကိုဖီအာနန် ဥက္ကဌအဖြစ် တာဝန်ယူမယ့် ကော်မရှင်ကို ဖွဲ့စည်းခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ မစ္စတာ ကိုဖီအာနန် က မိမိကို တယ်လီဖုန်း နဲ့ ဆက်သွယ်ပြောကြားခဲ့ရာမှာ မိမိက သူဦးဆောင်မယ့် ကော်မရှင်ကို ကုလ သမဂ္ဂအနေနဲ့ အတတ်နိုင်ဆုံး ပံ့ပိုး ကူညီမှာဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နီးကပ်စွာပူးပေါင်းဆေင်ရွက်ဖို့နဲ့ ဒီကိစ္စအတွက် ပါဝင်သက်ဆိုင်သူတွေကို တတ်နိုင်သမျှအများဆုံး တွေ့ဆုံဆွေးနွေးဖို့လည်း သူ့ကိုတိုက်တွန်းခဲ့ပါတယ်" စသဖြင့် ဘန်ကီမွန်း က ပြောကြားသွားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဥက္ကဌ အဖြစ် တာဝန်ယူတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ကုလသမဂ္ဂမှာ တာဝန်ယူဖူးတဲ့ တခြား ပြည်ပပညာရှင် ၂ ဦး နဲ့ ပြည်တွင်းက လူပုဂ္ဂိုလ် ၆ ဦး အပါအဝင် စုစုပေါင်း ၉ ဦးနဲ့ သြဂုတ်လ ၂၄ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ ကော်မရှင်ဟာ ရခိုင်ပြည်နယ် ဆိုင်ရာ လေ့လာတွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကနေတဆင့် အစိုးရထံ ၁ နှစ်အတွင်း တင်ပြရမှာ ဖြစ်ပါတယ်။ အဲဒီတင်ပြချက်ကို ပြည်သူတွေသိရှိနိုင်အောင် အစီရင်ခံစာတစောင် ထုတ်ဝေဖြန့်ချိမယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
အခုဖွဲ့စည်းခဲ့တဲ့ အကြံပေးကော်မရှင်ကို ဖျက်သိမ်းဖို့ ရခိုင်အမျိုးသားပါတီ ANP က တောင်းဆိုခဲ့သလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ကလည်း စောင့်ကြည့်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက ငြိမ်းချမ်းရေးညီလာခံ တက်ရောက်ရေးနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က တတ်နိုင်သလောက် လူများများ တက်ရောက်နိုင်အောင် စီစဉ်ပေးမှာ ဖြစ်ကြောင်း၊ တက်ရောက်မယ် မတက်ရောက်ဘူးဆိုတာကိုတော့ ကာယကံရှင်တွေကပဲ ဆုံးဖြတ်ကြရမှာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။
မစ္စတာ ဘန်ကီမွန်းဟာ နေပြည်တော်မှာ သြဂုတ်လ ၃၁ ရက်နေ့ ဒီကနေ့ စတင်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားဖို့ရှိပြီး အဲဒီ ညီလာခံကို စက်တင်ဘာလ ၄ ရက်နေ့ အထိ ပြုလုပ်မှာ ဖြစ်ပါတယ်။